ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁ရက်

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖီမော်ဒေသ အခြေစိုက် စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်း ၁၀၀၁ တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ဖီမော်ရှိ စစ်ကောင်စီနယ်ခြားစောင့်တပ်ရင်း ၁၀၀၁ ကို ယမန်နေ့ ‌အောက်တိုဘာ ၃၁ရက်နေ့ ညနေ ၆နာရီ ၂၀ မိနစ်တွင် KIA က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

“ဖီမော်မှာရှိတဲ့ နယ်ခြားစောင့်စခန်းကို ဝင်တိုက်ပြီး သိမ်းလိုက်တာပါ။ ထွက်ပြေးသွားတဲ့ ပြည်သူ့စစ် တွေလည်းရှိတယ်လို့ သိရတယ်။ သိမ်းတာတော့ သိမ်းလိုက်နိုင်ပါပြီ” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

KIA သည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းတွင် ကချင်ပြည်နယ် ပန်ဝါမြို့၊ လုပီကျေးရွာရှိ နယ်ခြားစောင့်စခန်း ၁၀၀၂၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီအနီး ဝေါ်ချုံးဒေသ စင်ကြိုင်ရွာရှိ ၁၀၀၃ တပ်ရင်းနှင့် ယခုချီဖွေရှိ ၁၀၀၁တပ်ရင်းတို့ကို သိမ်းပိုက်ပြီး ကချင်အထူးဒေသ ၁တစ်ခုလုံးကို သိမ်းယူလိုက်ခြင်းဖြစ်သည်။

ထို့အပြင် အောက်တိုဘာ ၁ ရက်နေ့က ချီဖွေမြို့ကို သိမ်းပိုက်ခဲ့ပြီး အောက်တိုဘာ ၂ ရက်နေ့တွင် ဆော့လော်မြို့ကို ရရှိခဲ့ကာ ဆက်တိုက်ဆိုသလို ပန်ဝါရှိ နယ်ခြားစောင့်စခန်းနှင့် စစ်စခန်းများကို KIA က တိုက်ခိုက်ခဲ့သည်။

ပန်ဝါမြို့ရှိ စစ်ကောင်စီတပ်များကို ပြီးခဲ့သည့် အောက်တိုဘာ ၁၉ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်ပြီး ပန်ဝါမြို့တွင်း KIA တပ်များဝင်ရောက်နေရာယူ၍ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယခုဆိုလျှင် စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ် နယ်ခြားစောင့် တပ်ရင်း ဌာနချုပ် သုံးခုလုံးကို KIA က သိမ်းယူပြီးနောက် ကချင်အထူးဒေသ (၁) တစ်ခုလုံးကို ထိန်းချုပ် လိုက်ပြီဖြစ်ကြောင်း သိရသည်။

ပုံစာ-KIA တပ်ဖွဲ့ဝင်များ

#ကချင် #ချီဖွေ #ကချင်အထူးဒေသ၁ #KIA သိမ်းပိုက် #Ayeyarwaddy_Times