ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်
စစ်ကောင်စီက ဖမ်းဆီးကာ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခြင်းခံခဲ့ရသည့် NLD အရပ်သားအစိုးရ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်မှာ ယနေ့အောက်တိုဘာ ၃၁ ရက်နေ့ အထိ သတိလစ်နေဆဲဖြစ် ကြောင်း နီးစပ်သူများထံက သိရသည်။
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဦးဝင်းခိုင် မှာ မန္တလေးအိုးဘို အကျဉ်းထောင်တွင် အကျဉ်းကျနေစဉ် ကျန်းမာရေးဆိုးရွားလာသည့်အတွက် မန္တလေးဆေးရုံသို့ ပို့ဆောင်ခံရပြီးနောက် အထူးကြပ်မတ် ကုသဆောင်(ICU) တွင် ဆေးကုသမှုခံယူနေစဉ် အောက်တိုဘာ ၂၈ ရက်နေ့တွင် စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းသာခွင့်အမိန့်ကို လာရောက်ဖတ်ပြသွားခြင်း ဖြစ်သည်။
စစ်ကောင်စီသည် ယခင်အရပ်သားအစိုးရလက်ထက်မှ ခေါင်းဆောင်များနှင့် ထင်ရှားသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမပေးဘဲ ယခုကဲ့သို့ ကျန်းမာရေးဆိုးရွားနေချိန်မှသာ ပြင်ပဆေးရုံသို့ပို့ဆောင်ပေးခြင်းများ၊ ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပေးခြင်းများ ပြုလုပ်လျှက်ရှိသည်။
“အကျဉ်းထောင်ထဲတွေ စစ်ကြောရေးစခန်းတွေမှာရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့အသက်အန္တရာယ်ဟာ အလွန်အင်မတန်စိုးရိမ်ဖို့ကောင်းပါတယ်။ အကျဉ်းထောင်တွေထဲမှာ ရိုက်နှက်မှုတွေ ညှင်းပန်းနှိပ်စက် မှုတွေရှိပါတယ်။ နောက်ပြီးကျတော့ လုံလောက်တဲ့ဆေးဝါးကုသမှုတွေမရရှိပါဘူး။ အာဆီယံ သဘောတူညီချက် ငါးချက်မှာလည်းပဲ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ဆိုပြီး တိုက်တွန်းထားတာရှိပါတယ်။ အဲ့တာတွေကိုအကောင်အထည်မဖော်ဘဲနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အသက်သေဆုံးသည်တိုင်အောင် ညှင်းပြီးသတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ နဲ့ဖမ်းဆီးချုပ်နှောင်ထားမယ်ဆို ဘယ်ပြည်သူ ဘယ်နိုင်ငံတကာကမှ လက်ခံနိုင်တဲ့ အနေအထား မဟုတ်ပါဘူး” ဟု NLD ဗဟိုကော်မတီဝင်၊ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးငြိမ်းသစ် က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အသက် ၇၄ နှစ် အရွယ် လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဦးဝင်းခိုင်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာပင် ဖမ်းဆီးခဲ့ပြီးနောက် ဒီဇင်ဘာလတွင် အဂတိလိုက်စားမှုဥပဒေ ပုဒ်မ-၅၅၊ ၆၃ တို့ဖြင့် ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခဲ့သည်။
ဦးဝင်းခိုင်သည် နှလုံးရောဂါ ခံစားနေရသူဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇွန်လကလည်း ရောဂါကြောင့် အိုးဘို အကျဉ်းထောင်မှ မန္တလေးဆေးရုံသို့ ပြောင်းရွှေ့ကုသမှု ခံယူခဲ့ရသည်။
စစ်ကောင်စီသည် ယခုကဲ့သို့ ကျန်းမာရေးဆိုးရွားချိန်မှ လွတ်ငြိမ်းခွင့်ပေးခြင်းကို ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပေါ်တွင်လည်း ပြုလုပ်ခဲ့သည်။
ထို့ပြင် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သည့် ဦးဖေမောင်စိမ်းမှာလည်း ထောင်တွင်းဆေးကုသမှု လုံလောက်စွာမရခဲ့ပဲ ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်နေ့တွင် ပြန်လွတ်မြောက်လာပြီး ဆေးကုသမှုခံယူနေစဉ် ထောင်တွင်းရရှိခဲ့သည့် နှစ်ရှည်ဒဏ်ရာများကြောင့် ဩဂုတ် ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့ရသည်။
အလားတူဖြစ်စဉ်မျိုးဖြစ်သည့် NLD ပါတီ၏ အရေးပါသည့်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းမှာလည်း ထောင်တွင်း ကိုဗစ် ၁၉ ဖြစ်ပွားသည့်အတွက် စစ်ကောင်စီက ရန်ကုန်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ၉ ရက်အကြာ ၂၀၂၁၊ ဇူလိုင် ၂၀ ရက်နေ့ တွင် ကွယ်လွန်ခဲ့သည်။
စစ်ကောင်စီသည် ၎င်းတို့မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာပေးခြင်းမရှိသည့်အတွက် အာဏာသိမ်းပြီး သုံးနှစ်ကျော်ကြာကာလအတွင်း ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့အထိ စာရင်းများအရ သေဆုံးခဲ့ရသူပေါင်း ၆၃ ဦးအထိရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(AAPP) က ထုတ်ပြန်ထားသည်။
ပုံစာ – NLD အစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်
#ဦးဝင်းခိုင် #လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး #ဆေးရုံတင်ရ #သတိလစ် #Ayeyarwaddy_Times