ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁ ရက်
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်သည့် စစ်ကောင်စီတပ်တွင် စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းထားသည့် သင်တန်းသားသစ်များလည်း ပါဝင်ကြောင်း သိရသည်။
ဘုတလင်မြို့ရှိကျေးရွာများကို နယ်မြေခံစစ်ကြောင်းနှင့် မုံရွာအနောက်မြောက်တိုင်းစစ် ဌာနချုပ်မှ ထပ်မံရောက်ရှိလာသည့် စစ်ကြောင်းနှစ်ကြောင်း ပူးပေါင်းပြီး ထပ်မံစစ်ကြောင်းထိုးဝင်ရောက်နေကြောင်း သိရသည်။
အဆိုပါစစ်ကြောင်းအတွင်း စစ်မှုထမ်းဥပဒေဖြင့် စု ဆောင်းခံရသည့် သင်တန်းသားသစ်များလည်းပါဝင် ကြောင်း ဒေသခံများထံမှ သိရသည်။
“စီပါကိုဝင်ရောက်သတ်ဖြတ်တုန်းကရော ရွာတွေကို စစ်ကြောင်းဝင် မီးရှို့ ဖမ်းဆီးသတ်ဖြတ်မှုတွေလုပ်ခဲ့ တဲ့စစ်ကြောင်းထဲမှာ သင်တန်းသစ်တွေလည်းပါတယ်။ ဒီလိုရက်စက်မှုတွေကို လက်တွေ့သင်ပေးနေ သလိုပဲ။ အရိုင်းစိတ်သွင်းပေးနေတယ်လို့ပြောရမယ်”ဟု ဘုတလင်မြို့ခံ အမျိုးသားတဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ တပ်မ(၃၃) စစ်ကြောင်းသည် ဘုတလင်မြို့နယ်ထဲရှိ ကျေးရွာများကို ပြီးခဲ့သည့် အောက် တိုဘာ ၁၀ ရက်မှစတင်ပြီး စစ်ကြောင်းထိုးဝင်ရောက် နေခြင်းဖြစ်သည်။
အင်အား ၁၀၀ ခန့်ပါဝင်သော အဆိုပါ စစ်ကြောင်းသည် ဘုတလင်မြို့နယ်ထဲရှိ ကျေးရွာခြောက်ရွာက ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးသတ် ဖြတ်ခဲ့ပြီး စီပါရွာမှ ဒေသခံများကိုမူ ခေါင်းဖြတ်ပြီး ခြေလက်များကိုခုတ်ထစ်ကာ အသားများခြစ်ယူ၍ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်မှုများကို လုပ်ဆောင်ခဲ့သည့် စစ် ကြောင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ယနေ့ နိုဝင်ဘာ ၁ ရက်နံနက်ပိုင်းတွင် အင်အားဖြည့်ထားသည့်စစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်မြို့အရှေ့ဘက်သို့စစ် ကြောင်းထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ဘုတလင်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် မြောက်ကျီရွာ၊ ပဲပြစ်တော၊ ဖိုကုန်း၊ စီပါ၊ ညောင်ကန်၊ စိုင်ပြင်လေး စသည့် အနီးနားရှိကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်နေခြင်းကြောင့် ဒေသခံ တစ်သောင်း(၁၀၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ပုံစာ-စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့သည့် စီပါရွာကို အောက်တိုဘာ ၁၉ ရက်နေ့က တွေ့ရစဉ်
#စစ်ကိုင်း #ဘုတလင် #စီပါ #စစ်ကောင်စီ #စစ် ကြောင်းထိုး #စစ်သင်တန်းဆင်း #သင်တန်းသားသစ် #ပါဝင် #နှစ်ဖက်တိုက်ပွဲ #ဖြစ်ပွား #Ayeyarwaddy_Times