ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁ ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် (၅) နယ်ခြားစောင့်စခန်း (နခခ-၅) မြို့သူကြီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲ ပြင်းထန်နေပြီး နခခ -၅ အတွင်းရှိ အောက်ခြေတပ်ဖွဲ့ဝင်များ၏ ဖုန်းများကို အရာရှိများက သိမ်းဆည်းကာ အသေခံတိုက်ခိုင်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလကတည်းက နခခ- ၅ အတွင်းရှိ အောက်ခြေတပ်ဖွဲ့ဝင်များ၏ လက်ကိုင် ဖုန်းများကို စစ်ကောင်စီ အရာရှိများက သိမ်းယူထားပြီး မိသားစုနှင့် အဆက်အသွယ်ဖြတ်၍ အသေခံတိုက်ခိုင်းထားကြောင်း သိရသည်။

“မောင်တော နခခ၅ လူကြီးပိုင်းတွေ ရဲဘော်တွေရဲ့ ဖုန်းတွေကို သိမ်းထားတာ တစ်လကျော်နေပါပြီ။ မိသားစုတွေနဲ့ အဆက်အသွယ်လုပ်ခွင့်မပေးပါဘူး။ မိသားစုတွေက ဆက်သွယ်မရလို့ စိတ်ပူ နေရပါတယ်” ဟု စစ်ကောင်စီတပ် မိသားစုဝင် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီက လေထီးဖြင့်ချပေးသည့် ဆေးဝါးနှင့် စားနပ်ရိက္ခာများကိုလည်း စစ်ကောင်စီ အရာရှိများက ဈေးကြီးပေးသည့် သူများထံရောင်းချနေပြီး အောက်ခြေတပ်ဖွဲ့ဝင်များကို ဆေးဝါးကုသ ပေးခြင်းမရှိဘဲ စားနပ်ရိက္ခာခွဲတမ်းလည်း မရရှိကြောင်း သိရသည်။

“တပ်မမှူးနဲ့ အရာရှိရဲမှူးတွေက ရဲဘော်တွေရဲ့ ဖုန်းတွေသိမ်းပြီး မိသားစုနဲ့အဆက်အသွယ်ဖြတ် ထားပါတယ်။ သူတို့ကျတော့ ဖုန်းသုံးပါတယ်။ ဒဏ်ရာရ ရဲဘော်တွေအတွက်လည်း ဆေးတွေကို ဈေးကြီးကြီးနဲ့ရောင်းစားလို့ ဆေးကုသခွင့်မရပါဘူး။ မသေထမင်းစားပြီး အောက်ခြေ ရဲဘော်တွေက တိုက်နေရပါတယ်” ဟု နခခ-၅ တွင်ရှိနေသည် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ မိသားစုဝင် အမျိုးသမီးကပြောသည်။

နခခ ၅မြို့သူကြီးကို AAက ပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်သည့်အပြင် လိုအပ်သည့် လက်နက်၊ခဲယမ်းနှင့် ဆေးဝါး၊ ရိက္ခာများကို လေကြောင်းမှပင် ပို့ပေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၈ရက်နှင့် ၂၉ရက်နေ့တို့တွင် တိုက်ပွဲမှာ အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး စစ်ကောင်စီက ဂျက်ဖိုက်တာနှင့် Y12လေယာဉ်တို့ကိုသုံး၍ ဗုံးအလုံးရေ ၁၀လုံးကျော်ကြဲချ တိုက်ခိုက်ခဲ့သည်။

“ဖုန်းတွေပြန်ရပြီး ရဲဘော်တွေနဲ့ အမြန်ဆုံး အဆက်အသွယ်ပြန်ရချင်ပါတယ်။ အခုက သေသလား ရှင်သလား မသိရတဲ့ အခြေအနေပါ” ဟု အဆိုပါအမျိုးသမီးက ဆိုသည်။

လက်ရှိတွင် နခခ-၅ အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ၍ ခုခံတိုက်ခိုက်နေပြီး AA ကလည်း စခန်းကို ပိတ်ဆို့ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ မြေပြင်ထောက်ပို့လမ်းကြောင်း များကိုပါ ပိတ်ဆို့ထားကြောင်း သိရသည်။

ပုံစာ-မောင်တောမြို့ အမှတ် (၅) နယ်ခြားစောင့်စခန်း (နခခ-၅) မြို့သူကြီး

#မောင်တော #နခခ၅ #စစ်ကောင်စီအရာရှိ #အောက်ခြေတပ်သား #ဖုန်းသိမ်း #မိသားစု #အဆက်အသွယ်ဖြတ် #Ayeyarwaddy_Times