ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁ရက်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက နပခ မကျစေရေး အပြင်းအထန် ခုခံနေရကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၈ရက်နေ့က AA ၏ထိုးစစ်မှာ အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ အနီးထိကပ်လာသည့်အတွက် စစ်ကောင်စီက လေကြောင်းမှ စစ်ကူအင်အား ရာချီပို့ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ခမရ ၃၇၂၊ ခမရ ၃၇၃၊ စရဖတပ်၊ အမှတ်၂ကုတင်၃၀၀ စစ်ဆေးရုံရှိ ဆေးတပ်၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်များကို AAက သိမ်းပိုက်ပြီး နပခ အနီးထိ ထိုးစစ် ရောက်လာခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီက နပခကို ခုခံကာကွယ်ရန် အောက်တိုဘာ ၂၈ရက်နေ့တွင် အမ်း‌တပ်တောင်အုပ်စုရှိ အမှတ် ၇၅၇ အလုပ်ရုံတပ်ခွဲ၊ လျှပ်စစ်တပ်အတွင်း လေယာဉ်ငါးစင်းဖြင့် စစ်ကူ အင်အား ၃၀၀ခန့်ကို လာရောက်ပို့ဆောင်ခဲ့ပြီး နေ့လယ်ပိုင်းတွင်လည်း Y-12 လေယာဉ်ဖြင့် စစ်လက်နက်အထုတ်ရေ ၁၀၀ ခန့်ကို အကြိမ်ကြိမ်သယ်ယူပို့ဆောင်ပြီး လက်နက်အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။

ယင်းနေ့ အောက်တိုဘာ ၂၈ရက်နေ့တွင်ပင် စစ်ကောင်စီ၏ MI-17 ရဟတ်ယာဉ် အမ်းလေဆိပ်မှ ထွက်ခွာရန် ပျံတက်လာစဉ် AA က ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

“ဒုတိုင်းမှူးနဲ့ အရာရှိ ခုနစ်ယောက်လိုက်ပါပြီး ပျံတက်တဲ့အချိန် တပ်တော်က ပစ်ချလိုက်နိုင်တာလို့ သိထားတယ်။ ၂၀ရက်နေ့ကတည်းက စစ်တပ်က သွေးတိုးစမ်းပြီး လေယာဉ်တွေပျံကြည့်သေးတယ်။ ကပ်လို့မရအောင်ကို တပ်တော်က ပစ်ချနေတာ။ လေယာဉ်ကွင်းက စစ်တပ်လုံးဝသုံးမရတော့ဘူး။ စစ်ကူကို Y12 တွေနဲ့ နပခ နားချနေတယ်လို့ သိထားတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ရဟတ်ယာဉ်တွင် နပခ ဒုတိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများလိုက်ပါသွားကြောင်း သတင်းရင်းမြစ်ကဆိုထားပြီး ဧရာ၀တီတိုင်းမ်အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။

စစ်ကောင်စီ၏ ၃၇၄ အမြောက်တပ်၊ စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ် COD၊ စစ်မြေပြင် အင်ဂျင်နီယာတပ် BEတို့ကို AAက အပြင်းအထန်ထိုးစစ်ဆင်နေပြီး စစ်ကူလမ်းကြောင်းများပါ ပိတ်ဆို့ထားကြောင်း သိရသည်။

အမ်းသို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို ပြီးခဲ့သည့် အောက်တိုဘာ ၂၈ရက်နေ့က အမ်း- ပဒါန်းလမ်း စပ်စီကျေးရွာအနီးတွင် အရှိုချင်းကာကွယ်ရေးတပ် (ACDF) နှင့် မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းတို့က စောင့်ကြိုတိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ရပခမှ တပ်မ ၅၅၊ မကွေးခြေမြန် တပ်မဌာနချုပ် တပ်မ ၈၈၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လပခ တပ်မ ၉၉ မှ စစ်ကူများဖြင့် အင်အားဖြည့်ထားကြောင်း သိရသည်။

#အမ်း #အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် #နပခ #AA #ပိတ်ဆို့တိုက်ခိုက် #Ayeyarwaddy_Times