
ဧရာဝတီတိုင်းမ်
(မတူပီ)၊ အောက်တိုဘာ ၃၁ ရက်
ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲကာလအတွင်းတွင် ချင်းညီနောင်၊ အာရက္ခတပ်တော်(AA)နှင့် ချင်းအမျိုးသားတပ်မတော် (CNA)တို့၏ ထိတွေ့မှုကြောင့် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့တွင် ကျဆုံးသွားသောချင်းကာကွယ်ရေး တပ်ဖွဲ့(မတူပီ)တပ်ဖွဲ့ဝင်ဆလိုင်းပီတာဆန်း (၂၅ )နှစ်နှင့် CNA မှ ဗိုလ်ကြီးဆလိုင်းဖွန်ဘွေ(၂၅ နှစ်)တို့၏ ရုပ်ကလပ်ကို ပြန်လည်ရရှိပြီဖြစ်ကြောင်းသိရသည်။
ကျဆုံးသွားသော တပ်ခွဲမှူးဆလိုင်းပီတာဆန်းနှင့် ဗိုလ်ကြီးဆလိုင်းဖွန်ဘွေးတို့၏ ရုပ်ကလပ်ကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပြန်လည်ရရှိခဲ့ခြင်းဖြစ်ပြီး ကောင်းမွန်စွာသင်္ဂြိုဟ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
“ကျဆုံးသွားတဲ့အချိန်မှာ ရုပ်ကလပ်ကို အကြိမ်ကြိမ်သွားယူပေမယ့် နှစ်ဖက်တိုက်ပွဲတွေကြောင့် ပြန်မယူနိုင်ခဲ့ဘူးပေါ့။ ဒါကြောင့် မနေ့က တပ်ဖွဲ့ဝင်တွေက ကျဆုံးသွားတဲ့ နေရာမှာ သွားယူကြတာ ဖြစ်တယ်။ တပ်ခွဲမှူးဆလိုင်းပီတာဆန်းရဲ့ ရုပ်ကလပ်ကိုတော့ ချင်းထုံးစံအတိုင်းပြန် သင်္ဂြိုဟ်ပေးလိုက် ပါပြီ။ ဗိုလ်ကြီးဖွန်ဘွေရဲ့ ရုပ်ကလပ်ကိုတော့ CNAဌာနချုပ်ကို ပြန်သယ်ဆောင်သွားကြတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ (၂) ၊ တပ်ရင်း ၂ တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျဆုံးသွားသော တပ်ခွဲမှုးပီတာဆန်းနှင့် ဗိလ်ကြီးဖွန်ဘွေတို့၏ ရုပ်ကလပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)၊ တပ်မဟာ ၂ ရဲဘော်များ၊ တပ်ရင်း ၂ ရဲဘော်များ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်မိရပ်ဖများက ချင်းရိုးရာနှင့် ခရစ်ယာန်ထုံးတမ်းအတိုင်းကောင်းမွန်စွာ သဂြိုလ်ပြီးစီးကြောင်းသိရပါသည်။
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF-မတူပီ၏ တပ်မဟာ (၁) နှင့် တပ်မဟာ (၂) တို့ကြားတွင် ပဋိပက္ခဖြစ်ပွားနေမှုကို ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့၏ ညှိနှိုင်းပေးမှုဖြင့် ဆွေးနွေးအဖြေရှာမည်ဖြစ်ကြောင်း တပ်မဟာ (၂)က ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ပုံစာ-ကျဆုံးသွားသော ဆလိုင်းပီတာဆန်းနှင့် ဗိုလ်ကြီးဖွန်ဘွေ။
#ချင်းကာကွယ်ရေးတပ်ဖွဲ့မတူပီ #ဆလိုင်းပီတာဆန်း #CNA #ဗိုလ်ကြီးဖွန်ဘွေ #ရုပ်ကလပ်ပြန်လည်ရရှိ #ကောင်းမွန်စွာသင်္ဂြိုဟ် #Ayeyarwaddy_Times