နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စဂျူလီဘိရှော့ပ်နှင့် တွေ့ဆုံ၍ တော်လှန်ရေး အခြေအနေအပါအဝင် နိုင်ငံတကာ ဆုံးဖြတ်ချက်များကို စစ်ကောင်စီက လိုက်နာဆောင်ရွက်မှု မရှိသည်ကို ဆွေးနွေးခဲ့ကြောင်း NUG ထံက သိရသည်။
အဆိုပါ ကုလအထူးကိုယ်စားလှယ်သည် NUG ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပြင် စစ်ခေါင်းဆောင်နှင့်ပါ တွေ့ဆုံခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ ယမန်နေ့ အောက်တိုဘာ ၃၀ ရက် သတင်းဖော်ပြချက်အရ သိရသည်။
ထိုတွေ့ဆုံမှုတွင် NUG ၏ ရပ်တည်ချက်၊ တော်လှန်ရေး အခြေအနေအပြင် အာဆီယံ ဘုံသဘော တူညီချက် (၅) ကို စစ်ကောင်စီက လိုက်နာဆောင်ရွက်မှု မရှိသည့်ကိစ္စများ ဆွေးနွေးခဲ့ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
“အကြမ်းဖက် စစ်အုပ်စုက အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မလိုက်နာတဲ့ ကိစ္စတွေ၊ UN က ချထားတဲ့ ဆုံးဖြတ်ချက်တွေအတိုင်း တကယ်လိုက်နာ ဆောင်ရွက်မှုလည်း မရှိတဲ့အတွက်ကြောင့်မို့ ဒါတွေကို တွန်းဖို့ကိစ္စတွေပေါ့နော်။ ဒါတွေတော့ ပြောဖြစ်တယ်လို့ ကျွန်တော်သိရတယ်” ဟု ၎င်းက ဆိုသည်။
သို့သော် မည်သည့်ကာလ၊ မည်သည့်နေရာတွင် တွေ့ဆုံခဲ့သည်ကိုမူ နှစ်ဖက်စလုံးက ထုတ်ဖော် ပြောဆိုခြင်း မရှိသလို ကုလအထူးကိုယ်စားလှယ်က နေပြည်တော်သို့ သွားရောက်၍ စစ်ခေါင်းဆောင် နှင့် တွေ့ဆုံခဲ့မှုကိုလည်း ရှင်းလင်းစွာ မသိရဘဲ ကုလအစည်းအဝေးတစ်ခု၌ အောက်တိုဘာ ၂၉ ရက်က ပြောသည်ဟုသာ သိရသည်။
“မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးစားနေကြတဲ့ တစ်စုံတစ်ရာ power ရှိသူတွေ တစ်ခုခုဆုံးဖြတ် လုပ်ဆောင် ကြတဲ့ နေရာမှာ အခြေအနေမှန်၊ ပြည်သူ့ဆန္ဒနဲ့ ကင်းကွာတာမျိုး မဖြစ်ရအောင် မြန်မာနိုင်ငံမှာ အမှန်တကယ် ဖြစ်ပျက်နေတာတွေကို တတ်နိုင်သမျှ ပြောဆိုရှင်းပြ ဆွေးနွေးတာမျိုးကို အခွင့်အခါသင့်တိုင်း လုပ်ဆောင်လျက်ရှိပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။
ယင်းအပြင် ကုလအထူးကိုယ်စားလှယ်သည် နေပြည်တော်တွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေး ရာ၌ အကြမ်းဖက်မှုများ အဆုံးသတ်ရန်၊ တာဝန်ခံမှု ရှိစေရန်၊ ကုလသမဂ္ဂနှင့် အကူအညီပေးရေး အဖွဲ့များ ဝင်ရောက်နိုင်ရန် ပြန်လည်ရင်ကြားစေ့ရေး လိုအပ်သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
ပုံစာ – ကုလအထူးကိုယ်စားလှယ် မစ္စဂျူလီဘိရှော့ပ်
#ကုလအထူးကိုယ်စားလှယ် #NUG #စစ်ကောင်စီ #တော်လှန်ရေးအခြေအနေ #တွေ့ဆုံဆွေးနွေး #Ayeyarwaddy_Times