ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်

မြန်မာ – ထိုင်းနယ်စပ် အွန်လိုင်းငွေလိမ်လုပ်ငန်းများ အဓိကအခြေစိုက်ရာ မြဝတီမြို့နယ်တွင် ယင်းလုပ်ငန်းများမှ ငွေကြေးအမြောက်အများရရှိနေသော ချစ်လင်းမြိုင်ကုမ္ပဏီနှင့် တည်ထောင်သူ ဥက္ကဌဟောင်း စစ်ကောင်စီ လက် အောက်ခံနယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီး မုတ်သုန်နှင့် ဗိုလ်မှူး တင်ဝင်းတို့ကို ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့လိုက်ကြောင်း ထုတ်ပြန်သည်။

အဆိုပါသုံးဦးနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ရှိ ပိုင်ဆိုင်မှုများကိုပိတ်သိမ်းခြင်း၊ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက် ပြီးဖြစ်စေ စီးပွားရေးရင်းနှီးမြှပ်နှံမှုကိုတားမြစ်ခြင်းနှင့် အီးယူနိုင်ငံများထံ ခရီးထွက်ခွာခွင့်ပိတ် ထားကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ထို့ပြင် အွန်လိုင်းလိမ်လည်မှုရပ်ဝန်းဖြစ်သည့် မြဝတီမြို့ရှိ ရွှေက္ကိုလ် Shwe Kokko၊ The KK Park Project နှင့် The Huanya Project ( မြန်မာ – တရုတ် အိမ်ရာစီမံကိန်း) တို့မှ အကျိုးအမြတ် များစွာရရှိနေကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများနှင့် အခြားနိုင်ငံသားများအွန်လိုင်းလိမ်လည်မှုများတွင် ပစ်မှတ်ထားလိမ်လည် ခံနေရပြီး မြန်မာ – ထိုင်းနယ်စပ်တွင် အွန်လိုင်းလိမ်လည်မှု၊ နယ်စပ်ဖြတ်ကျော်လိမ်လည်မှု၊ မူးယစ် ဆေးဝါးအပါအဝင် လူအခွင့်အရေးချိုးဖောက်မှု၊ အဓမ္မခိုင်းစေမှုနှင့် ညှဉ်းပမ်းနှိပ်စက်မှုများရှိ နေကြောင်း ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် မြန်မာလူထုကို ဗုံးကြဲတိုက်ခိုက်မှု၊ ဖိနှိပ်မှု၊ ဖမ်းဆီးမှုများပြုလုပ်ကာ လူ့အခွင့်အရေးချိုးဖောက်မှုများလုပ်ဆောင်နေသဖြင့် ယင်းနှင့်ပတ်သက်သူများကို အရေးယူ ပိတ်ဆို့ရာတွင် လူ ၁၀၆ ဦးနှင့် အဖွဲ့အစည်း ၂၂ ခုရှိပြီဖြစ်ကြောင်း ဥရောပသမဂ္ဂက အောက်တိုဘာ ၂၉ ရက်နေ့တွင်ထုတ်ပြန်သည်။

ဗြိတိန်နိုင်ငံသည် ယမန်နေ့ အောက်တိုဘာ ၃၀ ရက်နေ့က စစ်ကောင်စီထံ လေယာဉ်ဆီရောင်းချနေသည့် ကုမ္ပဏီခြောက်ခုကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#BGF #ဗိုလ်မှူးကြီးစောချစ်သူ #အီးယူအရေးယူ #ဒုတိယဗိုလ်မှုးကြီးမုတ်သုန် #ဗိုလ်မှုးတင်ဝင်း #ချစ်လင်းမြိုင်ကုမ္ပဏီ #မြဝတီ #ရွှေကုက္ကိုလ် #Ayeyarwaddy_Times