
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်
ဧရာ၀တီတိုင်း၊အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်မှုထမ်းအစားထိုးလူငှားရမ်းရန်ဟုဆိုကာ အကြိမ်ကြိမ်ငွေကောက်ခံနေကြောင်း သိရသည်။
ကုန်းကြီး၊ကညင်ပင်ကွင်း၊မဲဇလီကျင်း၊သပြေပင်၊ရေထွက်ခုံ၊လှည်းမှောက်၊ စောပြာစသည့်ကျေးရွာများတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များရှိသည့် နေအိမ်များကို စစ်မှုထမ်းအပါတ်စဥ်များအတွက် ထောက်ပံရန် တစ်အိမ်လျှင် ကျပ်တစ်သိန်းနှုန်း ကောက်ခံနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“ခုဆို လေးကြိမ်ရှိနေပြီ ၊ အုပ်ချုပ်ရေးမှူးက ရာအိမ်မှူးတွေကိုကောက်ခိုင်းတာ စစ်မှုထမ်းမလိုက်ခြင်ရင် အစားထိုးလူငှားအတွက်ပေးရမယ်။ မပေးတဲ့လူ စစ်မှုထမ်းရမယ်လို့ခြိမ်းခြောက်ပြီးတောင်းနေတာ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ ကျေးရွာများကို လှည်းမှောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ဦးက ကောက်ခံနေခြင်းဖြစ်ပြီး ရရှိသောငွေများမှ စစ်မှုထမ်းအစားထိုးငှါးရမ်းသူကို ဆယ့်ရှစ်သိန်းသာပေးသည်ဟု ဒေသခံများက ဆိုသည်။
အဆိုပါကျေးရွာများတွင် ရေကြီးနစ်မြုပ်မှုဒဏ်ကြောင့် စပါးနှင့်သီးနှံများ ပျက်စီးဆုံးရူံးခဲ့ပြီး ယခုကဲ့သို့ စစ်မှုထမ်းငှါးရမ်းရန်နှင့် ထောက်ပံ့ကြေးဟု ကောက်ခံမှုကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းဒေသခံများထံမှ သိရှိရသည်။
ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အသုံးပြုပြီး စိတ်ထင်သလိုငွေတောင်းခံခြင်း၊ မဲပေါက်သည်ဟုဆိုကာ သင်တန်းသို့စေလွှတ်ခြင်းများကို လုပ်ဆောင်နေကြသည်။
#အင်္ဂပူမြို့နယ် #ကျေးရွာများတွင် #စစ်မှုထမ်းအစားထိုး #ငှားရန် #အကြိမ်ကြိမ်ငွေတောင်း #Ayeyarwaddy_Times