နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်

မြန်မာရုပ်ရှင် ဇာတ်ကားဖြစ်သော ‘ဂျစ်ကားစီးဖူးသလား ဂျာကစ်စာဘူးသရီး’ ရုပ်ရှင်ကို ဝေဖန်ခဲ့သူ ကိုရှိုင်းထက်အောင် (ခေါ်) ဗွီးထက်ကူးမားအား နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ပြုလုပ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်သည် ဟိန္ဒူဘာသာနှင့် ရိုးရာယဉ်ကျေးမှုကို သရော်လှောင် ပြောင် ထားသည်ဟုဆိုကာ ကိုရှိုင်းထက်အောင် (ခေါ်) ဗွီးထက်ကူးမားက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ “Her Sal Yon (Ko King) ပေါ်တွင် အောက်တိုဘာ ၂၄ ရက်က ဝေဖန်ရေးတင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းသည် မရမ်းကုန်းမြို့၊ ခဝဲခြံမျက်မမြင်ကျောင်းတွင် အသံအလှူအတွက် စာအုပ်ဖတ်ရန် ထွက်သွားရာမှ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးသွားသည်ဟု သိရှိရပြီး စစ်ကောင်စီက လှိုင်မြို့မရဲစခန်း၌ ဖမ်းဆီးထားကြောင်း ယနေ့ အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“သူ မတရား အဖမ်းခံရတဲ့ သတင်းကြားကြားချင်း အရမ်းစိတ်မကောင်း ဖြစ်မိပါတယ်။ အထူးသဖြင့် ဟိန္ဒူလူမျိုးတွေရဲ့ အရေးကြီးတဲ့ ပွဲတော်ရက်အနီးမှာ ဖြစ်သွားတဲ့အတွက် မိသားစုဝင်တွေလည်း အတော်စိတ်မကောင်း ဖြစ်နေမှာပါ” ဟု ဟိန္ဒူဘာသာဝင် ကိုဗီဂျေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဟိန္ဒူဘာသာဝင်ကိုယ်စားပြု အဖွဲ့အစည်းများအနေဖြင့် ကိုရှိုင်းထက်အောင် (ခေါ်) ဗွီးထက်ကူးမားအတွက် တရားမျှတမှုရရန် မည်မျှအထိ ကြိုးစားပေးနိုင်မည် ဆိုခြင်းအပေါ် မြန်မာပြည်ဖွား ဟိန္ဒူဘာသာဝင်များက စောင့်ကြည့်နေကြောင်း ကိုဗီဂျေးက ဆိုသည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်နေ ၎င်းအား နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်သဖြင့် အောက်တိုဘာ ၂၉ ရက်နေ့တွင် လှိုင်မြို့မရဲစခန်း၌ ဖမ်းဆီးထားကြောင်း သိရသည်။

လက်ရှိတွင် ကိုရှိုင်းထက်အောင် ဖမ်းဆီးခံရခြင်းအပေါ် ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်လျက်ရှိပြီး စစ်ကောင်စီ၏ လုပ်ရပ်သည် ဥပဒေကြောင်းအရ ညီညွတ်ခြင်းမရှိဘဲ ပြန်ပေးဆွဲသလို ဖြစ်နေကြောင်း CDM မြို့နယ်တရားသူကြီး ဒေါ်သဥ္ဇာမြက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ဒီဇာတ်ကားရဲ့ ခေါင်းစဉ်က ပြောမယ်ဆိုရင် နစ်နာသူ အသိုင်းအဝိုင်းကနေ တရားလိုလုပ်ပြီးတော့ အသရေဖျက်မှုနဲ့ တရားစွဲရင်တောင် သူတို့ခံရဦးမှာ။ အခုပြောတဲ့သူကို ဖမ်းတာလည်း ရိုးရိုးဖမ်းတာ မဟုတ်ဘူး။ ပြန်ပေးဆွဲသလိုမျိုး လုပ်တာ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ရုပ်ရှင်နှင့်ပတ်သက်၍ မြန်မာဟိန္ဒူသမဂ္ဂ/မြန်မာဟိန္ဒူအစည်းအရုံးကလည်း အောက်တိုဘာ ၂၉ ရက်တွင် သဘောထားထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ အိန္ဒိယ မျိုးနွယ်စု ဟိန္ဒူနွယ်ဝင် အားလုံးကိုယ်စား အပြင်းအထန် ကန့်ကွက်ကြောင်း ဖော်ပြခဲ့သည်။

ဟိန္ဒူ လူ့အဖွဲ့အစည်းအား ပြက်ရယ်ပြုကာ ဟာသဇာတ်ကားအဖြစ် သရုပ်ဖော်ပြသသော ထိုရုပ်ရှင် ဇာတ်ကားသည် မိမိတို့၏ ယဉ်ကျေးမှုကို နိမ့်ချ လှောင် ပြောင်ရုံသာမက ဟိန္ဒူလူမျိုးစုတို့အား တိုက်ရိုက် စော်ကားလိုက်ခြင်းပင် ဖြစ်သည်ဟု မြန်မာဟိန္ဒူသမဂ္ဂက ဆိုသည်။

ယင်းအပြင် ထုတ်လုပ်ဖြန့်ချိသူနှင့် ခွင့်ပြုကြောင်း လက်မှတ်ရေးထိုးပေးခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်ကိုလည်း တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ပါရှိသည်။

ပုံစာ-စစ်ကောင်စီကဖမ်းဆီးထားသည့် ကိုရှိုင်းထက်အောင် (ခေါ်) ဗွီးထက်ကူးမား

#ဂျစ်ကားစီးဖူးသလား #ဂျာကစ်စာဘူးသရီး #ရုပ်ရှင်ဇာတ်ကား #ဝေဖန်သူ #စစ်ကောင်စီဖမ်းဆီး #Ayeyarwaddy_Times