ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ် ဓာတ်အားခွဲရုံရှိ ထရန်စဖော်ကို ပြုပြင်ရန်ဟုဆိုကာ မီတာ တပ်ဆင်ထားသည့် နေအိမ်များကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့က ငွေများအချိုးကျ တောင်းယူနေကြောင်း ဒေသခံများထံကသိရသည်။

မီတာ တစ်လုံးတပ်ဆင်ထားသည့် နေအိမ်ကို ၅၀၀၀ ကျပ် တောင်းယူပြီး မီတာ နှစ်လုံးတပ်ဆင် ထားသည့် နေအိမ်များကိုလည်း ၂၀၀၀၀ ကျပ် တောင်းယူပြီး ရေနစ်မြုပ်သည့် ထရန်စဖော်မှာ ပြုပြင်ရန်ဟုဆိုကာ အကြောင်းပြ ငွေများတောင်းယူခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

“ရေတွေကြီးတုန်းက ထရန်စဖော်မာ ရေမြုပ်သွားပေမယ့် ဘာမှ မဖြစ်ပါဘူး။ အဲ့တာအကြောင်းပြပြီး ငွေတောင်းနေကြတာ။ အရင်မီးပေးတုန်းကလည်း ဆယ်ငါးမိနစ်တစ်ခါဖြတ်တယ်။ မီတာခတွေလဲ ခုဆို အရမ်းစျေးတက်တယ်”ဟု ကျိုက်လတ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

၎င်းတို့ သတ်မှတ်ထားသည့် မီတာအလုံး အရေအတွက်လိုက် ငွေမသွင်းနိုင်ပါက မီတာများ ဖြုတ်သိမ်းမည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ စာရေး၊ ရာအိမ်မူးအဖွဲ့က ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဒေသခံများကပြောကြားသည်။

ထို့ပြင် ကျိုက်လတ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှလည်း လုပ်ငန်းရှင်တစ်ဦးလျှင် ကျပ်ငွေ ငါးသိန်း (၅၀,၀၀၀၀) ထည့်ဝင်ခိုင်းကြောင်း လုပ်ငန်းရှင် တစ်ဦးထံက သိရသည်။

ရရှိလာသည့် ငွေကြေးများကို မြို့နယ်စစ်ကောင်စီအရာရှိများနှင့်ပူးပေါင်းကာ Rainbow KTV နှင့် စားသောက်ဆိုင်များတွင် မူးယစ်သောက်စားကာ သုံးဖြုန်းနေကြောင်း ဒေသခံများ၏ ပြောကြား ချက်အရ သိရသည်။

#ကျိုက်လတ်မြို့ #မီတာတပ်ဆင် #နေအိမ် #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးအဖွဲ့ #ငွေတောင်း #Ayeyarwaddy_Times