ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ အောက်တိုဘာ ၃၀ ရက်

ချင်းပြည်နယ်၊ဖလမ်းမြို့၊ တလန်လိုရပ်ကွက်တွင် နေထိုင်သည့် ကျောင်းဆရာမဗန်ဆာကျင်း(၃၈ နှစ်) သည် စစ်ကောင်စီတပ်က ပစ်ခတ်သော ကျည်ကြောင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့က သေဆုံးသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် ဖလမ်းမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ခံရသည့် ကျောင်းဆရာမဗန်ဆာကျင်းကို ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)တို့သည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့က ဖလမ်းမြို့အ၀င်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြို့ပေါ်ရှိ ဒေသခံပြည်သူများတစ်၀က်ကျော် ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသသတင်းများ၏ ဖော်ပြချက်အရ သိရသည်။

ဖလမ်းမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် ကျောင်းဆရာမသေဆုံးမှုအပေါ် ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့(CNDF)၏ တာဝန်ရှိသူကို ဧရာဝတီတိုင်းမ်က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲ ကြောင့် ဆက်သွယ်၍ မရပေ။

ဖလမ်းမြို့အဝင်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့၍ တောင်ယာတွင် အလုပ်လုပ်နေသည့် ဒေသခံ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဖလမ်းမြို့ရှိ စစ်ကောင်စီတပ်သည် ခလရ – ၂၆၈ တပ်ကုန်းနှင့် မြို့တွင်းတွင် တပ်စွဲထားပြီး လက်ရှိတွင် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ- စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ကျောင်းဆရာမဗန်ဆာကျင်း

#ဖလမ်းမြို့ #စစ်ကောင်စီတပ် #ပစ်ခတ် #ကျောင်းဆရာမသေဆုံး #Ayeyarwaddy_Times