‌ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ရခိုင်၊ အမ်းသို့ရိက္ခာပို့ပြီးပြန်လာသည့် စစ်ကောင်စီ၏ စစ်ယာဉ်တန်းတိုက်ခိုက်ခဲ့ရာ ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့ထံက သိရသည်။

အောက်တိုဘာ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် အမ်းမြို့မှ ရိက္ခာပို့ပြီးပြန်လာသည့် စစ်ကားနှစ်စီး၊ ဆိုင်ကယ်နှစ်စီးပါသည့် ယာဉ်တန်းကို အမ်း-ပဒါန်းလမ်းပိုင်းစပ်စီကျေးရွာနား ဝက်စာကျင်းလမ်းဆုံ တွင် အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူး ခရိုင်အမှတ် (၂) တပ်ရင်းတို့က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိ ရသည်။

“တိုက်ခိုက်ချိန်နာရီဝက်လောက် နှစ်ဖက်ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က သေနတ်မှန်ပြီးသေတာတွေ မျက်မြင်မြင်ခဲ့တယ်။ ပစ်ခတ်မှုကြောင့်သေတာ ၁၀ ယောက်”ဟု အရှိုချင်းကာကွယ်ရေးတပ် ACDF ပြန် ကြားရေးတာဝန်ခံက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ယမန်နေ့ အောက်တိုဘာ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ထပ်မံတက်လာသည့် စစ်ကူယာဉ်တန်းမှ စစ်ကားတစ်စီးသည် တိုက်ခိုက်ခံရမည်စိုး၍ အမြန်မောင်းနှင်ခဲ့ရာ စွန်တဲနှင့် လင်းတဲအကြားတွင် ချောက်ထဲသို့အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားကြောင်း သိရသည်။

တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါစစ်သား ၁၈ ဦးအနက် ၁၂ ဦးသေဆုံးပြီး ခြောက်ဦးမှာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အနီးဆုံး လမ်းကြောင်းဖြစ်တဲ့ မကွေး တပ်မ ၈၈ ထဲ က စစ်ကူတွေ တောက်လျှောက် လွှတ်နေပါတယ်။ တံတားကူးပြီး မင်းဘူး ထောက်ရှာပင်မှာ တစ်ထောက်နားမယ်။ တောင်လှည်းကောက်မှာ တစ်ခါ ဆီရောင်းမယ်။ ပဒါန်း လမ်းဆုံ မရောက်ခင်တစ်ခါ အုန်း ခံရမယ်။ နတ်ရေကန်ထိတောင် ယာဉ်တန်းအကုန် ရောက်ပါ့မလား။ အမ်း တပ်နယ်အတွက် လေကြောင်း မှ တစ်ပါး အခြားလမ်းကလည်း ဆုတ်စရာ မရှိပါဘူး။ တက်လာမယ့် ယာဉ်တန်းကိုလည်း ကြိုဆိုမယ့် အဖွဲ့တွေ တစ်သီတစ်တန်းကြီးပါ”ဟု စစ်ရေးသုံးသပ် ရေးသားနေသူ CDM ဗိုလ်ကြီးဇင်ယော်က ဆိုထားသည်။

ပုံစာ-အရှိုချင်းကာကွယ်ရေးတပ် (ACDF)တပ်ဖွဲ့ဝင်များ
#မကွေး #ငဖဲ #အမ်းပဒါန်းလမ်းပိုင်း #စစ်ကောင် စီ #စစ်ကူယာဉ်တန်း #တိုက်ခိုက် #၁၀ ဦး #သေဆုံး #စစ်ကား #ချောက်ထဲထိုးကျ #Ayeyarwaddy_Times