
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ “ပရဟိတမင်းခေါင်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့” အမည်ရှိ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌအပါအဝင် အသင်းသားများကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့က မြို့နယ် ပရဟိတမင်းခေါင်အသင်း ဥက္ကဋ္ဌဦးခင်မောင်တင့်အပါအဝင် အသင်းသားများကို လာရောက်ဖမ်းဆီးသွားပြီး နေပြည်တော်တွင် ဖမ်းဆီးစစ်ဆေးနေကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူထံက သိရ သည်။
“သူတို့က PDF အဖွဲ့တွေနဲ့ အချိတ်အဆက်ရှိပြီး ထောက်ပို့လုပ်နေတာတွေရှိလို့ ခုလိုဝင်ဖမ်းတာပါ။ အသင်းဥက္ကဋ္ဌနဲ့ အသင်းသား ခြောက်ယောက်ပါ”ဟု လုံခြုံရေးနှင့်နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ပရဟိတမင်းခေါင်အသင်းဥက္ကဋ္ဌအပါအဝင် အသင်းသားများကို နယ်မြေခံရဲမပါဘဲ အရပ်ဝတ်များဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်းနှင့် ၎င်းတို့ကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နာရေးပို့သည့် ပရဟိတအသင်းဖြစ်သည့်အတွက် ခေါ်ယူခြင်းဖြစ်ကြောင်းနှင့် လိုက်ပို့သည့်အခြားနယ်မှ ပရဟိတအသင်းများကိုလည်း ဆက်သွယ်ခေါ်ယူ စစ်ဆေးနေကြောင်း MDY-PDF Revolution ကဖော်ပြထားသည်။
ဖမ်းဆီးခံရသည့် ပရဟိတမင်းခေါင်းအသင်းဥက္ကဋ္ဌဖြစ်သူဦးခင်မောင်တင့်သည် စစ်ကောင်စီအာဏာ သိမ်းပြီးနောက် တစ်ကြိမ်ဖမ်းဆီးခံရပြီး လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာကာ ယခုတစ်ကြိမ် ထပ်မံဖမ်း ဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ-ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့
#မန္တလေး #ပရဟိတမင်းခေါင်းအသင်း #ဥက္ကဋ္ဌ #စစ်ကောင်စီ #ဖမ်းဆီး #Ayeyarwaddy_Times