နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပြန်လည်ကျင်းပရန် ကြွေးကြော်နေသည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ၎င်းတို့အသိအမှတ်ပြု နိုင်ငံရေးပါတီများကို စစ်ရေးပြင်းထန်လာချိန်တွင် တရုတ်နိုင်ငံက ရက်သတ္တပတ်ကြာ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံသူများတွင် စစ်ကောင်စီခန့်အပ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီအပြင် စစ်ကောင်စီ အကြံပေးများ၏ ပါတီများလည်း ပါဝင်ကာ ၎င်းတို့ကို တရုတ်ကွန်မြူနစ်ပါတီက ဖိတ် ကြားသဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖိတ်ကြားမှုသည် စစ်ကောင်စီက ရွေးကောက်ပွဲ ပြုလုပ်နိုင်လျှင် ပြည်တွင်း၌ ဖြစ်နေသည့် အခက်အခဲများကို ကျော်လွှားနိုင်မည်ဟု ၎င်းတို့အနေဖြင့် ယုံကြည်နေသောကြောင့် ရွေးကောက်ပွဲကိစ္စနှင့် အများကြီး ပတ်သက်နိုင်ကြောင်း နိုင်ငံရေးပါတီများက ထောက်ပြကြသည်။

သို့သော် ရွေးကောက်ပွဲသည် အဖြေမဟုတ်သလို စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်သော တရားဝင်မှု၊အချိန် နှင့် အခင်းအကျင်းမျိုး မရှိသဖြင့် ပြုလုပ်ပါက အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်မည်ဖြစ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) တွဲဖက်အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ပြောကြားသည်။

“ဒီလိုမျိုး လူထုပါဝင်မှု အားကောင်းတဲ့ တော်လှန်ရေးတစ်ရပ်မှာ အခြေခံကျတဲ့ လူထုကို ချဉ်းကပ်တာမျိုး မဟုတ်ဘဲ အာဏာလက်ကိုင်ရှိတဲ့ သူတွေကို ချဉ်းကပ်ပြီး နိုင်ငံတစ်ခုရဲ့ အခြေအနေကို ဝင်ဖြေရှင်းတယ်ဆိုတာ တော်တော်ကို လွဲချော်တဲ့ကိစ္စဖြစ်တယ်” ဒေါ်နှင်းနှင်းမွှေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားချက်အရ တစ်ပတ်ကြာ သွားရောက်ခဲ့သော နိုင်ငံရေးပါတီများမှာ ပြည်သူ့ရှေ့ဆောင်ပါတီ၊ စစ်ကောင်စီအကြံပေး ဦးခင်မောင်ဆွေ၏ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင်ဦးစောထွန်းအောင်မြင့်၏ ကရင်ပြည်သူ့ပါတီတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံရေးကို အိမ်နီးနားချင်း နိုင်ငံများ၊ အာဆီယံ နိုင်ငံများအပါအဝင် အင်အားကြီး နိုင်ငံများက တစ်ခုမဟုတ်တစ်ခု ပတ်သက်ဆက်စပ်မှုများ ရှိနေသလို တရုတ်အပြင် အိန္ဒိယကလည်း ထိုသို့ ဖိတ်ခေါ်မှုများ ရှိနေခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ထံက သိရသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် အထူးတလည် မှတ်ချက်မပေးလိုသော်လည်း မြန်မာ့နိုင်ငံရေးတွင် မဖြစ်မနေ အပြောင်းအလဲတစ်ခု လိုအပ်နေသည်ဟု စစ်ကောင်စီက နိုင်ငံရေးပါတီအဖြစ် ပြန်လည်ပယ်ဖျက်ခဲ့သော ANP ပါတီ၏ အတွင်းရေးမှူး ခိုင်ပြည်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ရှိတဲ့အင်အားစုတွေနဲ့ လုပ်တဲ့ဟာထက် မြန်မာနိုင်ငံမှာ အဓိကရှိနေတဲ့ နိုင်ငံရေးပါတီတွေ၊ အသွင်မတူတဲ့ အင်အားစုတွေ အားလုံးပါဝင်အောင် ဆွေးနွေးဖို့ လိုပြီလို့ မြင်တယ်။ သို့မဟုတ်ဘဲ ရှိတဲ့လူနဲ့ လုပ်မယ်ဆိုရင် အဲဒီရွေးကောက်ပွဲဟာ အနှစ်သာရ မပါဘဲ ပုံသဏ္ဍာန်တစ်ခုအနေနဲ့ပဲ ဖြစ်မယ်လို့ထင်တယ်” ၎င်းက ဆက်လက်ပြောသည်။

တရုတ်အစိုးရသည် စစ်အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများအောက်တွင် မရှုမလှ စစ်ရှုံးနေသော စစ်ကောင်စီကို နည်းမျိုးစုံဖြင့် ကူညီထောက်ပံ့ကာ တစ်ဖက်သတ် ဖိအားပေးနေသည့်အတွက် မြန်မာပြည်သူလူထုက မလိုလား၍ ကန့်ကွက်ဆန့်ကျင်လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ဇူလိုင်အတွင်းကလည်း စစ်ကောင်စီ အသိအမှတ်ပြု ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနှင့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)တို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပုံစာ-စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ နေပြည်တော်တွင် တွေ့ဆုံစဉ် (၂၀၂၄၊ဖေဖော်ဝါရီ)

#အာဏာသိမ်းစစ်ကောင်စီ #ရွေးကောက်ပွဲ #နိုင်ငံရေးပါတီများ #တရုတ်ခေါ်ယူ #Ayeyarwaddy_Times