(ဟားခါး)၊ ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့အနီးရှိ စစ်ကောင်စီ၏ Kiamtlang တပ်စခန်း သိမ်းပိုက်ရရှိထားပြီး ဗိုလ်မှူးတစ်ဦးအပါဝင် လေးဦးအရှင်ဖမ်းမိကာ ၁၅ဦး သေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-ဟားခါးက ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ဟားခါးမြို့အနီးရှိ ဟားခါး – ထန်တလန် လမ်းမပေါ်က စစ်ကောင်စီ၏ Kiamtlang တပ်စခန်းကို အောက်တိုဘာ ၂၈ ရက်နေ့တွင် ချင်းအမျိုးသားတပ်မတော်(CNA)နှင့် CDF-Hakha တို့က ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ရရှိထားခြင်း ဖြစ်သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးအပါဝင် လေးဦးအရှင်ဖမ်းမိပြီး ၁၅ဦး သေဆုံးကာ MA1 ငါးလက်၊ MA2 တစ်လက်၊ MA3 နှစ်လက်၊ MA11 တစ်လက်၊ ကျည်ဘောက် ၄၂ခု၊ မိုင်း နှင့် ခဲယမ်းအများပြားလည်း သိမ်းဆည်းရမိကြောင်း သိရသည်။
“အဲ့စခန်းက စစ်ကောင်စီ အင်အား ၂၀လောက်ရှိတယ်။ တိုက်ပွဲတွင်းမှာ ၁၅လောင်းတွေ့တယ်။ လက်နက်ချအလင်းဝင်တဲ့သူလည်းရှိတယ်။ အဲ့ဒါနဲ့ပေါင်းပြီး လေးယောက်လောက်က အရှင်ဖမ်းမိတယ်။ စခန်းတာဝန်ခံဖြစ်တဲ့ ဗိုလ်မှူးလည်းပါတယ်။ တစ်ယောက်က ထွက်ပြေးလွတ်မြောက်သွားတယ်” ဟု ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲတွင်း စစ်ကောင်စီ၏ ရုန်းတောင်စခန်းကုန်းမှ တိုက်ပွဲဖြစ်ပွားသည့်နေရာကို လက်နက်ကြီးကျည်များ ပစ်ခတ်ပေးသည့်အတွက် CNAနှင့် CDF-Hakha မှ ရဲဘော်အချို့ထိခိုက်ကျဆုံးမှုရှိကြောင်း သိရသည်။
Kiamtlang တပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးနားရှိဒေသခံပြည်သူများ၏ နွားများကို ခိုးယူသတ်ဖြတ်စားသောက်ကြကြောင်း ဒေသခံများကဆိုသည်။
“စခန်းက စစ်သားတွေက နွားတွေခိုးတယ်။ သတ်ဖြတ်ပြီး အခြောက်လှန်းစားသောက်ကြတယ်။ နေ့ခင်းဘက်ဆို စခန်းမှာ အသားတွေနေလှန်းတယ်။ နွားတွေခဏခဏ ပျောက်လို့ နွားပိုင်ရှင်တွေက ဘာလုပ်ရမှန်းမသိဘဲ သူတို့ကိုကြောက်နေကြပြီ” ဟု ဟားခါးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်းကလည်း ဟားခါးမြို့ပြင်ရှိ Rual U သင်ချိုင်းကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို CDF-Hakha က တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့ထဲသို့တပ်ဆုပ်ခွါခဲ့ရကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲတွင်လည်း စစ်ကောင်စီ၏ ရုန်းတောင်စခန်းကုန်းမှ ပစ်ခတ်သည့်လက်နက်ကြီးကြောင့် မြို့သစ်ရပ်ကွက်မှ ကလေးတစ်ဦးအပါဝင် အရပ်သားလေးဦးဒဏ်ရာရရှိခဲ့သည်။
#ဟားခါးမြို့ #စစ်ကောင်စီ #Kiamtlang #တပ်
စခန်း #သိမ်းပိုက်ရရှိ #ဗိုလ်မှူးတစ်ဦး #၄ဦးအရှင်ဖမ်းမိ
#Ayeyarwaddy_Times