ဧရာဝတီတိုင်းမ်
(ဖာပွန်)၊ အောက်တိုဘာ ၃၀ ရက်

ကရင်ပြည်နယ်၊ ဖားပွန်မြို့နယ်၊ ဖာပွန်အခြေစိုက် စစ်ကောင်စီ စခန်းကြီးတစ်ခုဖြစ်သည့် ခေါပုတ် စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ အောက်တိုဘာ ၂၉ ရက်နေ့က စခန်းသိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

‌စစ်ကောင်စီ၏ ခေါပုတ်စခန်းသည် ဖာပွန်မြို့နယ်အတွင်း ဖာပွန်ဗျူဟာမှလွဲ၍ ကျန်ရှိနေသည့် တစ်ခုတည်းသော စစ်ကောင်စီစခန်းကြီးဖြစ်ပြီး ယခုအခါတော်လှန်ရေးအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်းအများအပြားရရှိခဲ့ကြောင်း သိရသည်။

“အဲ့ဒီ စခန်းက အခြားစခန်းငယ်တွေစွန့်ခွာပြီး ဗျူဟာကိုကူနိုင်ဖို့ ခေါပုတ်စခန်းကို လာပေါင်းစုထားတဲ့ စခန်းကြီးတစ်ခုပါ။ အဲစခန်းကို လနဲ့ချီပြီးဝိုင်းပိတ်ထားတာပါ။ ရိက္ခာခဲယမ်းလည်း လေယာဉ်နဲ့ပဲ လာချ နေရတဲ့ အခြေနေပေါ့” ဟု ဖာပွန်‌အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း သေဆုံးမှုကို အရေအတွက်ကို ဧရာဝတီတိုင်းမ်အနေဖြင့် သိရှိရခြင်းမရှိပေ။

ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီတပ်အနေဖြင့် စခန်းစွန့်ခွာထွက်‌ပြေးခြင်း၊ စခန်းသိမ်းပိုက်ခံရခြင်း များရှိနေပြီး ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်တာ ကာလအတွင်း ထိတွေ့တိုက်ပွဲပေါင်း ၄၇ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲံဝင် ၁၁ ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ဖာပွန် #ခေါပုတ်စခန်း #စစ်ကောင်စီ #စခန်းသိမ်းရရှိ #KNLA #PDF #Ayeyarwaddy_Times