အယိုက်လင်း/ဧရာဝတီတိုင်း
အောက်တိုဘာ ၃၀ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့အဝင် စစ်ကောင်စီ၏ ဆည်ကြီးစစ်ဆေးရေးဂိတ်တွင် ယာဥ်ဖြတ်သန်းခွင့်နှင့် ကုန်ပစ္စည်းများ သယ်ယူခွင့် ကန့်သတ်ထားသည့်အတွက် ဒေသခံပြည်သူများ အခက်ကြုံတွေနေရကြောင်းဒေသခံများထံက သိရှိရသည်။

စစ်ကောင်စီ၏ ဆည်ကြီးစစ်ဆေးရေးဂိတ်ကို ယခုလ တတိယအပတ်မှစ၍ ယာဥ်ဖြတ်သန်းခွင့်နှင့် ကုန်ပစ္စည်းများ သယ်ယူခွင့် တင်းကျပ်စွာ ကန့်သတ်ခဲ့ခြင်းကြောင့် နယ်ကျေးရွာများနှင့် အခြားမြို့နယ်များမှ အခြေခံစားသောက်ကုန်များ ဝယ်ယူရာတွင် အခက်ကြုံတွေ့နေရခြင်းဖြစ်သည်။

“ဆည်ကြီးတံတားပေါ်ကနေ ဟိုဘက်၊ ဒီဘက် စစ်သားတွေပေးတဲ့ တွန်းလှည်းနဲ့ ပစ္စည်းတွေ သယ်ရတယ်။ အဲ့ဒါလည်း တစ်ယောက် နှစ်ကြိမ်လောက်ဘဲ ခွင့်ပြုပေးထားတယ်။ အသုံးပြုခလည်း ပိုက်ဆံ ငါးသောင်းလောက် စစ်သားတွေဆီပေးရတယ်”ဟု ကလေးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နှစ်နိုင်ငံ တရားဝင်ဖွင့်လှစ်ထားသည့် မြန်မာ – အိန္ဒိယ နယ်စပ်ဂိတ် ပိတ်ထားသည့်အတွက် တမူးမြို့ နှင့် ခမ်းပတ်မြို့ရှိ ဒေသခံပြည်သူများသည် လူသုံးကုန်နှင့် စားသုံးကုန်များကို ကလေးမြို့မှ အဓိကဝယ်ယူ တင်သွင်းနေကြရခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီ၏ ဆည်ကြီးစစ်ဆေးရေးဂိတ်သည် လူနှင့် ဆိုင်ကယ် ဖြတ်သန်းသွားလာခွင့် ပေးထားသော်လည်း အချိန်အကန့်သတ်ဖြင့်သာ ဂိတ်ဖွင့်ပေးထားသည့်အတွက် လူမှုရေး၊ ကျန်းမာရေး စသည့်အရေးပေါ်အခြေနေမျိုးတွင် အခက်ကြုံတွေ့နေရကြောင်းဒေသခံများက ဆိုသည်။

“ဂိတ်က တစ်နေကုန်ဖွင့်ပေးတာမျိုးမဟုတ်ဘူး။ သူတို့ဖွင့်ပေးတဲ့အချိန်ပဲ သွားရတာဖြစ်တယ်။ တစ်နေ့ကို ဂိတ် လေးကြိမ်လောက်ဖွင့်ပေးတယ်။ ဂိတ်မဖွင့်မချင်း တန်းစီပြီး စောင့်ရတယ်။ တခါတလေ အရေးပေါ် အခြေနေမျိုးမှာ အရမ်းဒုက္ခရောက်ရတယ်” ဟု ကလေးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုလ အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ကလေးမြို့ကို အလုပ်သွားလုပ်ရန် ဆည်ကြီးဂိတ်ဖွင့်ချိန်ကို စောင့်ဆိုင်းနေသည့် အရပ်သားတစ်ဦးသည် စစ်ကောင်စီ၏ မြေမြှုပ်မိုင်းနင်းမိ၍ ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသည်။

#စစ်ကောင်စီ #ကလေးမြို့အဝင် #ဆည်ကြီးဂိတ် #တင်းကျပ်ကန့်သတ် #ဒေသခံပြည်သူများ #အခက်ကြုံ #Ayeyarwaddy_Times