
ဧရာဝတီတိုင်းမ်
(ကြို့ပင်ကောက်)၊ အောက်တိုဘာ ၃၀ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီက တစ်ပတ်နီးပါးကြာ စစ်ကြောင်းထိုးနေပြီး ယမန်နေ့ အောက်တိုဘာ ၂၉ ရက်နေ့ကလည်း သင်္ခရိုင်ကျေးရွာ အနီးတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ်၊ အရှေ့ခြမ်း ကျေးရွာများသို့ စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး သင်္ခရိုင်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခုနစ် ဦး သေဆုံးခဲ့ပြီးနောက် အဆိုပါ စစ်ကြောင်းမှာ ယနေ့အောက်တိုဘာ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ဇီးကုန်းမြို့နယ်အတွင်း သို့ပြန် လည်ဆုတ်ခွာသွားကြောင်း သိရသည်။
“အခုလက်ရှိ သင်္ခရိုင်မှာတပ်စွဲထားတဲ့တပ်က ဇီးကုန်းမြို့နယ် ဘော်ဘင်ရွာကိုရောက်ပါပြီ။ မနေ့က ၁၀နာရီလောက် တိုက်ပွဲဖြစ်တဲ့အခြေအနေမှာ သူတို့အထိနာသွားတယ်။ မနက်တုန်းက အလောင်းတွေပါပြန်ထမ်းသွားတယ်။ သင်္ခရိုင်မှာ ဆက်ပြီးအထိုင်မချဘူး။ ဟိုဘက်ကနေ နာရေးကားတွေလည်းဆက်ပြီး လိုက်လာတယ်လို့ပြောတယ်။ အလောင်းတွေပြန်ထမ်းသွားတာကတော့ဒီမှာမျက်မြင်ကိုယ်တွေ့ပါ” ဟု ကြို့ပင်ကောက် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်ဝန်းကျင်မှ စတင်ကာ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ကာ ဥယျာဉ်ကြီးရွာ၊ အေးရွာလေးရွာ တို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် အဆိုပါ တိုက်ပွဲများတွင် ၎င်းတို့ အထိနာခဲ့သည့်အတွက် အောက်တိုဘာ ၂၈ ရက်နေ့တွင် အေးရွာလေးရွာကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်။
ထိုသို့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် ဒေသအနီးရှိ ကျေးရွာများမှ ဒေသခံ အမျိုးသား ငါး ဦးကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကြို့ပင်ကောက်မြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂ တပ်ခွဲ-၄ မြေအောက်ပျောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ-၆ Black Dragon GBK-PDF၊ တပ်ရင်း-၃၈၀၁ တပ်ခွဲ-၃ နတ်စစ်သည်တပ်ဖွဲ့ ၊ BTZM.GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြကြောင်းလည်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ကြို့ပင်ကောက်တိုက်ပွဲ #စစ်ကောင်စီသေဆုံး #ဒေသခံသတ်ဖြတ်ခံရ #စစ်ကြောင်းထိုး #Ayeyarwaddy_Times