ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်

ကူးစက်ရောဂါကိုဗစ် – ၁၉ နှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားလျှက်ရှိကြောင်း စစ်ကောင် စီ၏ ကျန်းမာရေးဝန်ကြီးဌာနထံက သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်စတင်ဖြစ်ပွားသော ကူးစက်မြန်ကိုဗစ် – ၁၉ ရောဂါသည် လေးနှစ် ကြာသည့်အထိ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေဆဲဖြစ်ကာ စက်တင်ဘာလမှ အောက်တိုဘာလကုန်အထိ ရောဂါဖြစ်ပွားသူ ၄၇ ဦးရှိပြီး နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ကိုဗစ် – ၁၉ ရောဂါရှိသူတွေ့ရခြင်းဖြစ်ကြောင်းသိရသည်။

ယင်းပြင် ယခုနှစ်မိုးရာသီမှ စတင်ကာ ကူးစက်မှုကျယ်ပြန့်လာသော ဝမ်းပျက်ဝမ်းလျှော ရောဂါသည် လည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနထံက သိရသည်။

ယခုလအောက်တိုဘာ ၂၀ ရက်မှ ၂၇ ရက်အတွင်း သာမာန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၄၂၆ ဦးနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်သူ ၂၂၇ ဦးရှိပြီး အဆိုပါလူနာများသည် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတွင်အများဆုံးပါဝင်ပြီး ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့လည်း ပါဝင်ကြောင်း သိရသည်။

ထို့ကြောင့် မိုးရာသီကုန်ဆုံးကာ ယခုခရီးသွားရာသီရောက်ချိန်တွင် ကိုဗစ် – ၁၉ ရောဂါနှင့် ဝမ်းပျက် ဝမ်းလျှောရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရန် သတိပြုသွားလာရမည်ဖြစ်ပြီး အဆိုပါ ရောဂါနှစ်မျိုး ကာကွယ်နိုင်ရန် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သန့်လေးသန့် အပါအဝင် လက်ကိုမကြာ ခဏ ဆေးကြောခြင်းဖြင့်ကာကွယ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ကိုဗစ်၁၉ဖြစ်ပွား #ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွား #လက်ဆေးရန် #Ayeyarwaddy_Times