
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင်ကို တရုတ်နိုင်ငံသို့ ဖိတ်ခေါ်မှုအပေါ် မြန်မာလူထု၏ အထင်အမြင်လွဲမှားမှု မဖြစ်ရလေအောင် တရုတ်အစိုးရအနေဖြင့် ပြန်လည်သုံးသပ်သင့်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
တရုတ်နိုင်ငံသည် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (GMS) ကို ယခုလကုန် နိုဝင်ဘာတွင် အိမ်ရှင်အဖြစ် ကူမင်းမြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးကို တက်ရောက်ရန် အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့ကြောင်း သတင်းများအရ သိရသည်။
ထိုသို့ စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်နှင့် ပတ်သက်၍ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ယနေ့ အောက်တို ဘာ ၃၀ ရက်တွင် ပြည်သူလူထုနှင့် နိုင်ငံတကာကို သတင်းစကား ပြောကြားရာ၌ ယခုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဖြစ်၊ မတည်မငြိမ်မှုတွေဖြစ်အောင် ဖန်တီးနေတဲ့ လူသတ်အကြမ်းဖက် သမားကြီး မင်းအောင်လှိုင်ကို ဖိတ်ခေါ်တယ်ဆိုတဲ့ သတင်းသာမှန်ခဲ့ရင်တော့ ဖိတ်ခေါ်မှုကို ပြန်လည်သုံးသပ်သင့်တယ်ဆိုတာ ထင်မြင်မိပါတယ်” ဟု ဦးကျော်ဇော်က ပြောသည်။
ယင်းအပြင် မြန်မာပြည်သူလူထုသည် တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနှင့် စီးပွားရေး တိုးတက်မှုကို လိုလားပြီး ထိုအရာများကို ပျက်ပြားအောင် ပြုလုပ်နေသည်မှာ စစ်ခေါင်းဆောင်နှင့် ၎င်း၏အပေါင်းအပါ တစ်စုပင်ဖြစ်ကြောင်း ဦးကျော်ဇော်က ထည့်သွင်းပြောဆိုသည်။
“အကြမ်းဖက် မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့ရင် တရုတ်အစိုးရအပေါ်မှာ မြန်မာလူထုရဲ့ အထင်အမြင် လွဲမှားမှုကို မလိုလားအပ်ဘဲ လှုံ့ဆော်ပေးရာ ရောက်မှာကို စိုးရိမ်ပူပန်မိပါတယ်” ဟု NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ဆိုသည်။
တရုတ်အစိုးရသည် လက်ရှိ စစ်ကောင်စီကို မရှုမလှစစ်ရှုံး အထိနာစေသော မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့များကို ဖိအားပေး ပိတ်ဆို့မှုများ ပိုမိုလုပ်ဆောင်နေကြောင်း သတင်းမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလျှက်ရှိသည်။
“တော်လှန်ရေး အင်အားစုတွေကို ဖိအားပေးတယ်ဆိုတဲ့ သတင်းတွေဟာ တရုတ်နိုင်ငံအပေါ်မှာ မြန်မာလူထုရဲ့ အထင်အမြင် လွမှားမှုနဲ့ အမုန်းပွားစေနိုင်ဖို့ ဖြစ်ပေါ်လာနိုင်တာကြောင့် စိုးရိမ်ပူပန် မိပါတယ်” ဟု NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ဆိုထားသည်။
တရုတ်က စစ်ခေါင်းဆောင်ကို မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (GMS) တက်ရောက်ရန် ဖိတ်ခေါ်သည်နှင့် ပတ်သက်၍ အဆိုပါအစည်းအဝေးသည် တရုတ်ဝန်ကြီးချုပ် လီချန်က ဒေသဆိုင်ရာ အဖွဲ့တစ်ခုအနေဖြင့် သာမန်ဖိတ်ကြားသည့် အစည်းအဝေးဖြစ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာလှကျော်ဇောထံက သိရသည်။
“တရုတ်ဘက်ကတော့ ဘာမှကြေညာသံမှ မကြားသေးဘူး။ ကျွန်မကြားတာကတော့ မဲခေါင် မြစ်ဝှမ်းဒေသက နိုင်ငံတွေကို တရုတ်ဝန်ကြီးချုပ် လီချန်က ဖိတ်တာလို့ ကြားတယ်။ သိပ်အဆင့်မြင့် ကြီးတော့ မဟုတ်သလို မင်းအောင်လှိုင် ပါမပါကိုလည်း မသိရသေးဘူး။ သူ့ကို ဖိတ်ရင်တောင် နိုင်ငံတော်အဆင့်အနေနဲ့ မဟုတ်ဘဲ ဒေသဆိုင်ရာ အဖွဲ့တစ်ခုအနေနဲ့ပဲ ဖိတ်တာဖြစ်မယ်” ဟု ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပုံစာ-ရန်ကုန်မြို့ရှိ တရုတ်နှစ်သစ်ကူးနေ့ အခမ်းအနားတွင် တရုတ်သံတမန်များနှင့်အတူ တွေ့ရသည့် စစ်ခေါင်းဆောင်နှင့်ဇနီး (ပုံဟောင်း)
#စစ်ခေါင်းဆောင် #တရုတ်သို့ဖိတ်ခေါ်မှု #မြန်မာလူထု #အထင်အမြင်လွဲမှား #ပြန်လည်သုံးသပ်သင့် #NUG #Ayeyarwaddy_Times