
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်
တရုတ်နယ်စပ်အနီး အလွန်နီးကပ်စွာ ပျံသန်းခဲ့တဲ့ မြန်မာစစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစ် စင်းကို တရုတ်က တနင်္ဂနွေနေ့မှာ သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာစစ်ကောင်စီ ဂျက်တိုက်လေယာဉ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း တအောင်းအဖွဲ့ (TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်ရှိ တည်နေရာတွေကို ဗုံးကြဲပြီးနောက် တရုတ်နယ်စပ်အနီးကို ပျံသန်းခဲ့ တာဖြစ်ပါတယ်။
“စစ်ကောင်စီ ဂျက်တိုက်လေယာဉ်က နမ့်ခမ်းမြို့ကို ပြန်လှည့်ဖို့ တရုတ်နိုင်ငံဘက်ကို ပျံသန်းလာ ချိန်မှာ တရုတ်က လေပိုင်နက်ထဲ မဝင်ရောက်နိုင်အောင် ပစ်ခတ်ခဲ့တာပါ။ (၅) မိနစ်လောက်အကြာမှာ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်က ပစ်မှတ်ရှာဖို့ ပြန်လာချိန်မှာ တရုတ်က ထပ်ပစ်ခတ်ခဲ့ပါတယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဉီးက ပြောပါတယ်။
စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေချိန်မှာ တရုတ်နိုင်ငံက ဩ ဂုတ်လအတွင်း မြန်မာနယ်စပ်အနီးမှာ (၃) ရက်ကြာ ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း စစ်ကောင်စီအပေါ် တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့က အရေးပါတဲ့နေရာတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၇ ရက်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ရှမ်းပြည်နယ်မြောက် ပိုင်းမှာ ထိုးစစ်ဆင်မှု စတင်ခဲ့ပြီး လားရှိုးမြို့အပါအဝင် မြို့ ၂၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံက စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အပစ်အခတ်ရပ်စဲဖို့ စေ့စပ်ညှိနှိုင်းခဲ့ပေမယ့် အကြိမ်များစွာ ကျိုးပျက်ခဲ့ပါတယ်။
တိုက်ပွဲတွေ အရှိန်မြှင့်နေစဉ် စစ်ကောင်စီဟာ ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရကို အံ့အားသင့်စွာ ဖိတ်ကြားခဲ့ပါတယ်။
ဓာတ်ပုံ-စစ်ကောင်စီ၏ တိုက်လေယာဥ်အချို့( ပုံဟောင်း)
ကိုးကား – Anadolu
Ref; China fires warning shots at Myanmar junta warplane flying close to border: Report
#Ayeyarwaddy_Times