ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်

ဧရာဝတီတိုင်းတွင် ၁ လအတွင်း မီးလောင်မှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဧရာဝတီတိုင်း ဝါးခယ်မ၊ မြန်အောင်နှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အသက် (၈၇) နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ မီးလောင်တာက ညပိုင်းဖြစ်တာတွေများတယ်။ မီးသတ်က လာငြိမ်းတာနဲ့ ဒေသခံတွေပေါင်းပြီး သတ်တာများတယ်။ တချို့ကျေးရွာတွေမှာက မီးလောင်ရင်တောင် မီးသတ်ကား လာမရတဲ့ နေရာတွေ ခုထိရှိနေသေးတော့ တချို့တွေ ပိုပြီး မဆုံးရှုံးသင့်တာတွေ ဆုံးရှုံးတာပေါ့”ဟု ဝါးခယ်မမြို့နယ်မှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မီးလောင်မှုကြောင့် သေဆုံးခဲ့သည့် အသက် (၈၇) နှစ် အရွယ် သက်ကြီးပိုင်းအမျိုးသားသည် ဝါးခယ်မမြို့နယ်၊ ရေကျော်ရပ်ကွက်တွင်နေထိုင်သူဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်ပြီး သေဆုံးသူ၏သားဖြစ်သူအား ပုဒ်မ ၂၈၅၊ ပုဒ်မ ၃၀၄ (က) တို့ဖြင့် ဝါးခယ်မမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဧရာဝတီတိုင်းတွင် ၁ လအတွင်း မီးလောင်မှု သုံးကြိမ်ကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည့်အပြင် မီးလောင်မှုကြောင့် မြန်မာငွေကျပ် သိန်း ၁၀၀ ကျော်တန်ဖိုးပျက်စီးဆုံးရှုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

#ဧရာဝတီတိုင်း #မီးလောင်မှု၃ကြိမ်ဖြစ်ပွား #သက်ကြီးပိုင်းအမျိူးသားသေဆုံး #Ayeyarwaddy_Times