
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ရက်
မြန်မာ – အိန္ဒိယနယ်စပ် မဏိပူရ်ပြည်နယ်၊ အော့ခရူခရိုင်နှင့် ကမ်းဂျွန်ခရိုင်ရှိ မြန်မာစစ်ဘေးရှောင်များ နေရပ်ပြန်ရန်အတွက် ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ရက်နေ့တွင် လာရောက် ညွှန်ကြားထားကြောင့် စစ်ဘေးရှောင်များထံက သိရသည်။
အော့ခရူခရိုင်နှင့် ကမ်းဂျွန်ခရိုင်ရှိ မြန်မာစစ်ဘေးရှောင်များအနေဖြင့် လာမည့် ဒီဇင်ဘာ နောက်ဆုံး ထား၍ နေရပ်ပြန်ကြရန် ခရိုင်အုပ်ချုပ်ရေးအဖွဲ့က လာရောက်ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
“အရင်ကတည်းကနေ မြန်မာစစ်ဘေးရှောင်တွေကို ပြန်ခိုင်းတာပါ။ အခုအခါမှာတော့ တာဝန်ရှိတဲ့ သူတွေ လူကိုယ်တိုင်လာကြပြီး ပြန်ခိုင်းတာဖြစ်တယ်။ ဒီဇင်ဘာလ နောက်ဆုံးထားပြီး ပြန်ကြရမှာ”ဟု မြန်မာစစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အေ့ခရူခရိုင်နှင့် ကမ်းဂျွန်ခရိုင်ရှိ မြန်မာစစ်ဘေးရှောင်များသည် ယခုနှစ် ၂၀၂၄ အစောပိုင်းတွင် ဖြစ်ပွားသည့် တမူးမြို့နယ် တိုက်ပွဲကြောင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ပြီး မြန်မာစစ်ဘေးရှောင် ၄၀၀၀ ခန့်ရှိကြောင့် စစ်ဘေးရှောင်တာဝန်ရှိသူများထံက သိရှိရသည်။
အဆိုပါ စစ်ဘေးရှောင်များသည် စစ်ကောင်စီ၏ လေကြောင်းရန် အန္တရာယ်နှင့် ဖမ်းဆီးမှုများကြောင့် ယနေ့အချိန်ထိ နေရပ်မပြန်ရဲကြသေးဘဲ အိန္ဒိယနိုင်တွင် တိမ်းရှောင်နေရဆဲဖြစ်သည်။
“ကျွန်တော်တို့ နေရပ်ပြန်ဖို့ တချို့က နေအိမ်တွေမရှိကြတော့ဘူး။ ပြီးတော့ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်မှာကို စိုးရိမ်နေကြတယ်။ အဲ့ဒီအတွက် စစ်ဘေးရှောင်တွေက မပြန်ရဲသေးဘဲ နိုင်ငံရေး အခြေနေတည်ငြိမ်မှ ပြန်ကြမယ်လို့ ဆုံးဖြတ်ကြတာပဲဖြစ်တယ်” ဟု မြန်မာစစ်ဘေးရှောင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် တင်နိုပယ်ခရိုင်ရှိ မြန်မာစစ်ဘေးရှောင်များကိုလည်း ၎င်းတို့ခိုလှုံနေသည့် ကျေးရွာများမှ အမြန်ဆုံး ရွှေ့ပြောင်းကြရန် ကျေးရွာတာဝန်ရှိသူများက အောက်တိုဘာ ၁၂ရက်နေ့တွင် အသိပေးထားကြောင်း သိရသည်။
#မဏိပူရ်ပြည်နယ် #မြန်မာစစ်ဘေးရှောင်များ #နေရပ်ပြန်ရန် #ဒေသတွင်းအာဏာပိုင်အဖွဲ့ #ဖိအားပေး #Ayeyarwaddy_Times