
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်
ဧရာဝတီတိုင်းရှိ မြို့များအထိ စစ်ရှိန်မြင့်လာသော်လည်း ချောင်းသာနှင့်ငွေဆောင်ကမ်းခြေများတွင် ခရီးသွားဖြင့် စည်ကားစေရန်အတွက် ဖျော်ရေးအစီအစဉ်နှင့် ဈေးအရောင်းပွဲတော်များကျင်းပနိုင်ရန် စစ်ကောင်စီက စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
စစ်ကောင်စီ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ပုသိမ်မြို့နယ် သလပ်ခွာကြိုးဝိုင်းအတွင်းရှိ ရှုခင်းကြည့်မျှော်စင်ကိုအဆင့်မြှင့်တင်ရန်၊ ငွေဆောင်အပန်းခြေဆင်စခန်း ပြင်ဆင်ရန်၊ Night Life Activities ဖန်တီးရန်၊ ကမ်းခြေအားကစားပြိုင်ပွဲများအပါအဝင် ဖျော်ဖြေရေး အစီအစဉ်နှင့် ရိုးရာပွဲတော်များကို ပုံမှန်ကျင်းပနိုင်ရန် လုပ်ဆောင်သင့်သည်ဟု ယခုလ အောက်တိုဘာ နောက်ဆုံးပတ်က မှာကြားထားကြောင်း သိရသည်။
ဧရာဝတီတိုင်းရှိ ငွေဆောင်၊ ချောင်းသာကမ်းခြေများသည် စစ်မက်ဖြစ်ပွားမှုမရှိသောကြောင့် ပွင့်လင်း ရာသီရောက်လာချိန်တွင် ပြည်တွင်းခရီသွားများ အများဆုံးသွားရောက် အပန်းဖြေကြကြောင်း သိရသည်။
လက်ရှိငွေဆောင်ကမ်းခြေဟိုတယ်ဇုန်နယ်မြေတွင် Night Market ရှိပြီး ပင်လယ်စာစားသောက်ဆိုင်၊ လက်ဆောင်ပစ္စည်းဆိုင်များဖွင့်လှစ်ထားသည်။
” ကမ်းခြေသွားဖို့စီစဉ်နေတာကြာပြီ။ ဘယ်မှမသွားရတာ စစ်ကောင်စီအာဏာသိမ်းကတည်းက လေးနှစ်လောက်ရှိပြီဆိုတော့ တစ်နေရာသွားချင်တာ။ ကမ်းခြေတော့သွားမယ်ဆိုပြီးတွေးထားတာပဲ။ ဘုရားတွေလျှောက်လည်းပြီးမဖူးချင်ဘူး။ ဒီတန်ဆောင်တိုင်မှာ ရုံးပိတ်ရက်ရှိတယ်။ အဲဒီအချိန်သွားမယ် လို့တော့ စဉ်းစားထားတယ်” ဟု ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
နိုင်ငံတစ်ဝန်းလုံးတွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် တိုက်ပွဲဖြစ်ပွားသေးခြင်းမရှိသည့် ငွေဆောင်၊ ချောင်းသာ၊ ပုဂံ/ ညောင်ဦး၊ တောင်ကြီး၊ အင်းလေး၊ ဘားအံ့၊ ကျိုက်ထီးရိုး၊ ပြည်နှင့် ပဲခူးမြို့များသို့ လည်ပတ်မှုများရှိကြောင်းသိရသည်။
စစ်ကောင်စီက အာဏာသိမ်းထားသည့်ကာလအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ဧရာဝတီတိုင်း အတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားလည်ပတ်တိုးစေရန်ဟု အကြောင်းပြ၍ လေကြောင်းခရီးစဉ်ပြေး ဆွဲများပြုလုပ်ထားပြီး ရန်ကုန် – ပုသိမ်အဝေးပြေးလမ်မကြီးလမ်းမှာ ချိုင့်ခွက်များဖြင့် လမ်းကြမ်း နေသဖြင့်သွားလာရေးခက်ခဲနေကြောင်း ဒေသခံများနှင့် ခရီးသွားလာသူများထံက သိရသည်။
လက်ရှိချိန်တွင် အာရက္ခတပ်တော် ( AA) သည် ရခိုင်ပြည်နယ်ကို အလုံးစုံသိမ်းပိုက်နိုင်ရန် တိုက်ပွဲများ ဖော်ဆောင်နေပြီး ဧရာဝတီတိုင်းနယ်စပ်မြို့နယ်များအထိ စစ်ရေးအရှိန်မြင့်တက်နေကြောင်းသိရသည်။
ထို့ကြောင့် လာမည့်တန်ဆောင်တိုင်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များအပါအဝင် ယင်းနောက်ပိုင်းတွင် အားလပ်ရက်များရောက်ရှိလာတော့မည်ဖြစ်၍ သွားရောက်လိုသူများအနေဖြင့် ဒေသအခြေအနေ များကို သေချာစုံစမ်းပြီးမှသွားလာကြရန် လိုအပ်ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ပုသိမ် #ငွေဆောင် #ချောင်းသာ #စည်ကားရန် #စစ်ကောင်စီကြိုးစား #Ayeyarwaddy_Times