
ဧရာဝတီတိုင်မ်း
အောက်တိုဘာ ၂၉ ရက်
စစ်ကောင်စီက ၎င်းတို့ ပိတ်ပင်ထားသည့် အလည်အပတ်နိုင်ငံကူးစာအုပ် (Passport for visit- PV) မှ အလုပ်အတွက်နိုင်ငံကူးစာအုပ် (Passport for Job -PJ) ပြောင်းလဲမှုကို ငါးလအကြာတွင် ပြန်ဖွင့် ပေးမည်ဖြစ်သော်လည်း နိုင်ငံခြားထွက်ခွာသူများကို စစ်ဆေးမေးမြန်းမှုများပြားကာ ထွက်ခွာခွင့် အပိတ်ခံရသူများရှိကြောင်း သိရသည်။
ပြင်ပထွက်ခွာမှုအတွက်လေဆိပ်၌ စစ်ဆေးရာတွင် အလုပ်သွားလုပ်မည့်သူများက နိုင်ငံကူးလက်မှတ် PJ ဖြင့် သွားရောက်ခြင်းမရှိဘဲ PV ဖြင့်သွားရောက်၍ လေဆိပ်တွင် အဆင်မပြေမှုများ ဖြစ်ပေါ် နေသဖြင့် နိုဝင်ဘာ ၁ ရက်နေ့မှစတင်ကာ ပြန်လည် ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီထံက သိရသည်။
စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အလုပ်အကိုင်ဆိုင်ရာ အထောက် အထားဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းရှိ PV အမျိုးအစားကို PJ ပြောင်းလဲပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးထံက သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြင်ပထွက်ခွာမှုအတွက်ခရီးသည်များကို စစ်ဆေးရာတွင် ကိုယ်ရေးရာဇဝင်များအပြင် မိဘအလုပ်အကိုင်၊ မောင်နှမအလုပ်အကိုင်များအပါအဝင် အသေးစိတ် မေးမြန်းပြီး လေဆိပ်တာဝန်ရှိသူများမသင်္ကာပါက အထောက်အထားပြည့်စုံသော်လည်း ထွက်ခွာခွင့် အပိတ်ခံရသူများရှိကြောင်း လက်တလော ဘန်ကောက်နှင့်ရန်ကုန်သွားလာနေသူများထံက သိရသည်။
” လေဆိပ်မှာအခုရမ်းတင်းကျပ်တယ်။ လူပုံကြည့်ပြီး သူတို့မသင်္ကာရင် အသက်ငယ်တဲ့သူဆို ပိုမေးတယ်။ ခရီးသွားဖို့ ရက်တိုရင်လည်းသူတို့မသင်္ကာဘူး။ ဆေးစစ်မယ်ဆိုရင်တောင် တစ်ခါတလေ မရဘူး။ hotel booking နဲ့ အပြန်လေယာဉ်လက်မှတ်ပါတာတောင်မှပဲ။ အသိနှစ်ယောက်ရှိပြီ initial ( အမှတ်အသား) တို့ခံထားရတယ်” ဟု ဘန်ကောက်-ရန်ကုန် သွားလာနေသည့် အမျိုးသမီးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိ နိုင်ငံခြားထွက်ခွာမှုအတွက် စစ်ဆေးမေးမြန်းမှုများပြားကာ လေဆိပ်ရှိ တာဝန်ကျ ဝန်ထမ်းများကို လာဘ်ထိုးငွေကြေးပေးရပြီး ထွက်ခွာနေရကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်မှုများရှိနေသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် စစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်းခဲ့သည့် နောက်ဆက်တွဲကြောင့် လူငယ်လူရွယ်များ ပြင်ပနိုင်ငံထွက်ခွာမှုပိုမိုများလာပြီး အလုပ်လုပ်ရန်နှင့် ကျောင်းတက်ရန်ကိစ္စအမျိုးမျိုးဖြင့် သွားရောက်ကြကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#နိုင်ငံကူးလက်မှတ် #PVtoPJ #ပြောင်းခွင့်ပြန်ရ #စစ်ကောင်စီပိတ်ပင် #လေဆိပ် #စစ်ဆေးမှုတင်းကျပ် #ပြင်ပထွက်ခွင့် #အပိတ်ခံရသူများရှိ #Ayeyarwaddy_Times