ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ရှားခဲတိုက်နယ် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င်များက ဆိုင်ကယ်များကို ကြုံသလိုဖမ်းဆီးနေပြီး ဆိုင်ကယ်မောင်းသူများထံမှ ပါလာသမျှငွေများကို တောင်းယူနေ‌ကြာင်း ဒေသခံများထံကသိရသည်။

အဆိုပါ ရှားခဲတိုက်နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င်များသည် အောက်တိုဘာလက စတင်ကာ ရှားခဲတိုက်နယ်ရှိ ကျေးရွာများအထိဆင်းကာ ဆိုင်ကယ်လိုင်စင်အကြောင်းပြကာ ကြုံသလိုဂိတ်ချပြီး ငွေများတောင်းယူနေကြောင်း ဒေသခံများထံက သိရသည်။

“ခုရက်ပိုင်း အရမ်းဖမ်းတယ်။ ကြုံတဲ့နေရာမှာကို ဂိတ်ချဖမ်းတာ။ ပိုက်ဆံအများကြီးမပါလည်း ပါသ၍ပေးခဲ့ပြောတယ်။ များများပါရင် များများတောင်းတာ။ ပိုဆိုးတာက လက်ဖက်ရည် ဆိုင်ထဲက ကြုံရင်ကြုံသလိုတောင် ထွက်ဖမ်းတာမျိုးတွေလုပ်တယ်။ အခုလည်း ဇလွန်ရှမ်းစု လမ်းဆုံမှာ အကြီး အကျယ် ဖမ်းနေကြတယ်” ဟု ရှားခဲတိုက်နယ်ရှိ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ ဆိုင်ကယ်များကို ဦးဆောင်စစ်ဆေးဖမ်းဆီးနေသည့် ရဲတပ်ဖွဲ့ဝင်များအနက် ရှားခဲတိုက်နယ် ရဲစခန်းတွင်နေထိုငသူ ရဲတပ်ဖွဲ့ဝင် ရန်နိုင်စိုးဆိုသူလည်း ပါဝင်ပြီး တစ်ခါတစ်ရံ လက်ဖက်ရည်ဆိုင်မှ ပင်ထွက်၍ ဆိုင်ကယ်များကို ဖမ်းဆီးကြောင်းဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

“ရဲတပ်ဖွဲ့က ရန်နိုင်စိုး အမျိုးသမီးကလည်း ဆိုင်ကယ်အချို့အပြင်ထွက်တာမြင်ရင် သူ့‌ယောက်ကျားကို ဖုန်းဆက်ဖမ်းခိုင်းတာမျိုးတွေပါလုပ်တယ်။ ဘယ်သူကတော့ အပြင်ထွက်တယ်ဆိုပြီး ပြောတယ်။ တစ်ချို့က ရွာအထိဆင်းဖမ်းမယ် မထင်ဘူးလေ။ ရွာမှာဆိုင်ကယ်တွေစီးတာက စာအုပ်တွေ ဘာတွေကိုတော့ အမြဲမယူကြဘူးလေ”ဟု အဆိုပါအမျိုးသမီးကဆက်လက်ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ် ဂွလမ်းနှင့်ဆက်စပ်နေသည့် ရှားခဲ၊ အထောင်၊ သောင်ကြီး၊ ကျုံပျော်၊ ငါးသိုင်း ချောင်း၊ လမ်းတစ်လျှောက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ပထမပတ်က စတင်ကာ ဂိတ်များ အပြားချ၍ တင်းတင်းကျပ်ကျပ် ရှာဖွေစစ်ဆေးမှုများပြုလုပ်နေပြီး ဖမ်းဆီးမှုများ ရှိကြောင်းဒေသခံများကဆိုသည်။

ဓာတ်ပုံ-စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များမှ ဆိုင်ကယ်များကို စစ်ဆေးနေစဥ်(ပုံဟောင်း)
#ရှားခဲ #စစ်ကောင်စီလက်အောက်ခံ #ရဲတပ်ဖွဲ့၀င် #ဆိုင်ကယ်လိုင်စင် #ဖမ်းဆီး #ပါသမျှငွေတောင်းယူ #Ayeyarwaddy_Times