
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ အောက်တိုဘာ ၂၉ ရက်
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် တည်ဆောက်ထားသည့် ရေဘေးဒဏ်သင့်ကာ ရေနစ်မြုပ် ခဲ့သည့် ဘီလူးချောင်း အမှတ်(၂) လျှပ်စစ်ဓာတ်အားပေးစက်ရုံ(လောပိတ ရေအားလျှပ်စစ်စက်ရုံ) ကို အမြန်ဆုံး ပြန်လည်ပတ်နိုင်ရန် စစ်ကောင်စီက စီစဉ် ဆောင်ရွက် နေကြောင်း သိရသည်။
လောပိတ ရေအားလျှပ်စစ် စက်ရုံကို အမြန်ဆုံး ပြန်လည် လည်ပတ်နိုင် ရေးအတွက် စစ်ကောင်စီက စစ်ဘေးရှောင်များအပါအဝင် အနီးပါတ်ဝန်းကျင်မှ ဒေသခံများကို စက်ရုံသန့်ရှင်းရေး လုပ်ဆောင်သည့် ကိစ္စများတွင် မပါမနေရ လုပ်အားပေး ခိုင်းစေမှုများကို ယနေ့အချိန်အထိ ပြုလုပ်နေ ကြောင်းလည်းသိရသည်။
ထိုသို့ ခိုင်းစေရာတွင် စက်ရုံတွင်း ရေကြီးစဉ်အခါက တင်ကျန်ရှိနေခဲ့သည့် ရွှံ့များ၊ နုန်းများကို ဖယ်ရှားရန် အဓိကထား ခိုင်းစေနေပြီး စက်ရုံအမြန်ဆုံးလည်ပတ်နိုင်ရန် ဒေသခံအများအပြားကို ဖိအားပေးခိုင်း စေနေခြင်းဖြစ်ကြောင်း သိရသည်။
“အကြမ်းဖျဉ်းအားဖြင့်တော့ စေတလုံးဘုန်းကြီးကျောင်းမှာနေတဲ့ စစ်ဘေးရှောင် တွေကိုသွားပြီးမှ သန့်ရှင်းရေးလုပ်ခိုင်းတာရှိတယ်။ အခုနောက်ပိုင်းရွာတွေမှာ အမိန့်ပုံစံမျိုးထုတ်ပြီးတော့မှ မဖြစ်မနေ လုပ်အားပေးတာမျိုးခိုင်းနေတယ်။ အခုသိရသလောက် ဒီရက်ပိုင်းအတွင်းမှာ အပြီးအစီး ရှင်းလင်းရေးလုပ်ဖို့ သူတို့ရာထားတယ်။ လူအင်အားအများကြီးသုံးဖို့ရှိတယ်။ အဲ့ဒီအတွက်ကြောင့် လုပ်အားပေးကိုဆက်တိုက်ခေါ်နေတယ်” ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ(IEC) အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
သို့သော် ရေအားလျှပ်စစ် စက်ရုံဝင်းအတွင်း ရေနစ်မြုပ်မှုကြောင့် ရွှံ့အများအပြား တင်ကျန် ခဲ့သည့်အပြင် စက်ပစ္စည်းအများအပြားမှာလည်း ရေနစ်မြုပ်ခဲ့သည့်အတွက် စစ်ဆေးရေးလုပ်ငန်းများ ပြင်ဆင်ရေးလုပ်ငန်းများကြောင့် ပုံမှန်ပြန်လည်ပတ်နိုင်ရန် လနှင့်ချီကြာမြင့်နိုင်မည်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဘီလူးချောင်းအမှတ်(၂) လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ ဘီလူးချောင်းစက်ရုံ သုံး ရုံအနက် အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုဖြစ်ပြီး ယခုအခါရပ်နားထားရသည့်အတွက် လွိုင်ကော်မြို့အတွင်း လျှပ်စစ်ဓာတ်အားများပြတ်တောက် နေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီလက် အောက်ခံ ကရင်နီဝန်ကြီးချုပ်ဦး ဇော်မျိုးတင်နှင့် တာဝန်ရှိသူများက အဆိုပါ လောပိတ ရေအားလျှပ်စစ်စက်ရုံ သို့လာရောက်ခဲ့ပြီး ခြောက်လအတွင်း စက်ရုံပြန်လည်လည်ပတ်ရန် ပြင်ဆင်နေကြောင်း စစ်ကောင်စီဝါဒဖြနန့် မီဒီယာများတွင် ဖော်ပြထား သည်။
ဓာတ်ပုံ – MOI
#ကရင်နီ #လောပိတ #ရေအားလျှပ်စစ်စက်ရုံ #လုပ်အားပေးစေခိုင်း #ဒေသခံ #စစ်ကောင်စီ #Ayeyarwaddy_Times