
နိုရာ/ဧရာ၀တီတိုင်းမ်
အောက်တိုဘာ၂၉ ရက်
“ပေါ်လီယာနာလေးပြောသလို ပြောရရင် နေတဲ့အချိန် ကျွန်မမှာသိပ်မရှိဘူး။ အလုပ်ဝတ္တရား တွေဖယ်ပြီး ကိုယ်နေတဲ့အချိန်လေးရယ်လို့ သတ်သတ်မှတ်မှတ် မရှိဘူး။ တိုင်းပြည်အတွက် ကြိုးစားနေတယ်လို့ နှလုံးသွင်းမှန်ထားလို့သာ ဒီအချိန်ထိ ရပ်တည်လာနိုင်တာ” လို့ မမေရာက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို အင်အားသုံး ဖြိုခွင်းပါတယ်။ အဲ့သည်လို ဖြိုခွင်းပြီးတဲနောက် ဦးဆောင်သူနဲ့ အစားအသောက်ကူညီသူတွေကို ပုဒ်မ ၅၀၅ထုတ်၊ နာမည်ကျော်ဇောသူတွေကို ဖမ်းဆီးချိန်မှာ မမေရာတို့ မိသားစုဟာလည်း သူတိုနေရပ်ကနေ အခြားမြို့ တစ်မြို့ကို ရှောင်တိမ်းလာရပါတယ်။
မမေရာတို့မိသားစုဟာ မြန်မာပြည်အောက်ပိုင်းရဲ့ ပြင်ဦးလွင်လို့ တင်စားခံရတဲ့ မြို့လေးမှာ နေထိုင်ကြသူတွေဖြစ်ပြီး မပြောင်းရွှေ့ခင်အထိ ပြည့်ပြည့်စုံစုံ နေနိုင်ခဲ့ကြတဲ့သူတွေပါ။
ဆန္ဒပြပွဲတွေကို ဦးဆောင်ပါဝင်မှုနဲ့ မမေရာရဲ့ အမျိုးသားဖြစ်သူ ဖမ်းဆီးစာရင်းထဲ ပါလာချိန်မှာတော့ အိမ်နဲ့ စီးပွားရေးလုပ်ငန်းတွေကို အကုန်ထားပစ်ခဲ့ရပြီး မြို့ကနေ မိသားစုလိုက် ရှောင်တိမ်းလာကြရတာ ဖြစ်ပါတယ်။
မမေရာကိုယ်တိုင်ကလည်း ပညာရေးဝန်ထမ်း CDM တစ်ယောက်ဖြစ်ပြီး အမျိုးသားဖြစ်သူ ကိုလက်ယာ ကတော့ NGO တစ်ခုရဲ့ အရာရှိတစ်ဦးဖြစ်ပါတယ်။
အဲဒီလို အခြေအနေကောင်းတွေကိုပစ်ပြီး မမေရာတို့ မိသားစုဟာ နေရပ်ကို စွန့်ခွာခဲ့ရတာပါ။
ရှောင်လာတဲ့ မြို့မှာလည်း အမျိုးသားဖြစ်သူ ကိုလက်ယာရဲ့နာမည်နဲ့ ရှာဖွေဧည့်စာရင်းစစ်တာတွေ လုပ်လာလို့ မမေရာနဲ့ ကလေးနှစ်ယောက်ဟာ ထိုင်း-မြန်မာ နယ်စပ်အထိ ပြေးလာခဲ့ရပါတယ်။ တော်လှန်ရေးစိတ်ဓာတ်ပြင်းထန်တဲ့ ကိုလက်ယာကတော့ ကရင်ပြည်နယ်ထဲက တပ်မဟာ (၇) နယ်မြေကို သွားရောက်ပြီး ထောက်ပို့အဖြစ်ရော တော်လှန်ရေးတပ်ဖွဲ့ဝင် PDF အနေနဲ့ပါ နေထိုင် လိုက်ပါတယ်။
အခုလိုအခြေအနေမျိုးမှာ မမေရာဟာ ကလေးနှစ်ယောက်ရဲ့ စားဝတ်နေရေးအပြင် အမျိုးသားဖြစ်သူရဲ့ တပ်ရင်းကို ထောက်ပို့လုပ်ဖို့အတွက်ပါ ကြိုးစားရုန်းကန်ရပါတော့တယ်။
“အစ်မ မနက်၆နာရီအိပ်ရာထတယ်။ သားနဲ့သမီး ကျောင်းအတွက် ထမင်းဘူး ပြင်ဆင်ပြီးတာနဲ့ အစ်မ အလုပ်သွားတယ်။ ကော်ဖီဆိုင်မှာ အစ်မတို့နဲ့ အရင်ကခင်ခဲ့တဲ့ တော်လှန်သူချင်းတွေ့ပြီး အလုပ်ပေး ထားတာပေါ့။ အဲဒီ့အလုပ်ပြီးရင်အစ်မ အွန်လိုင်းကလုပ်ရတဲ့ အလုပ်တွေလုပ်တယ်။ ဒီမှာ နေထိုင်စရိတ်က မြန်မာငွေနဲ့ဆို ၁၀သိန်းလောက်ကျတယ်။ အစ်မကို အလုပ်က မြန်မာငွေနဲ့ပဲ ရှင်းတော့ အစ်မခက်ခဲတယ်” လို့ မမေရာက ပြောပါတယ်။
မမေရာဟာ ပညာရေးဝန်ထမ်း တစ်သိန်းကျော် CDM လုပ်တဲ့ အထဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သလို ကလေးနှစ်ယောက်ကိုလည်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ကနေ ဖွင့်လှစ်တဲ့ ဖက်ဒရယ်ကျောင်းတွေမှာပဲထားခဲ့တာပါ။
ထိုင်း-မြန်မာနယ်စပ်ကို ရှောင်လာရတဲ့အခါမှ Migrant ရွှေ့ပြောင်းကျောင်းမှာ ကလေးနှစ်ယောက်ကို ထားခဲ့တာပါ။
မမေရာဟာ ဝင်ငွေရတဲ့အလုပ်အပြင် Interim Council မှာ ကြေညာချက်တွေနဲ့ လိုအပ်တာတွေ လုပ်ကိုင်နေခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန (NUG/MOE) က ပြုလုပ်တဲ့ အစည်းအဝေးနဲ့ ညီလာခံတွေမှာလည်း ကျောင်းကိုယ်စားပြုအနေနဲ့ အလုပ် လုပ်ကိုင်ပေးနေရတာတွေ တောက်လျှောက်လုပ်ပေးနေတယ်လို့ ဆိုပါတယ်။
“ကော်ဖီဆိုင်လေးကလည်း အနယ်နယ်အရပ်ရပ်က ရှောင်လာရတဲ့ UG လူငယ်လေးတွေကို နေရာပေး၊ အလုပ်ပေးဖို့ ဖွင့်ထားတဲ့ ဆိုင်လေးပါ။ အစ်မကိုက ကလေးတွေကိုကွပ်ကဲဖို့ အလုပ်လေးတစ်ခု ပေးချင်တာနဲ့ ခန့်ပေးထားတာပါ။ အစ်မကကျေးဇူးတင်ရပါတယ်” လို့ မမေရာကပြောပါတယ်။
မမေရာရဲ့ ကလေးနှစ်ယောက်ဟာလည်း ဒီနှစ်မှ မြေပြင်ကျောင်းစနေဖူးတာဖြစ်ပြီး မြန်မာနိုင်ငံမှာ နေစဉ်က မိဘတွေနဲ့အတူတူ CDM လုပ်ခဲ့ကြတာပါ။
“အမှန်အတိုင်းပြောရရင် အစ်မနိုင်ငံရေးကို မသိပါဘူး။ တရားတာနဲ့ မတရားတာကိုခွဲခြား သိရလို့ အစ်မလည်း CDM လုပ်တယ်။ အမျိုးသားဖြစ်သူ ကိုလက်ယာ တော်လှန်ရေးထဲ ဝင်သွားတာကိုလည်း အစ်မကျေနပ်တယ်။ ကလေးတွေကို ပြုစုပျိုးထောင်ဖို့နဲ့ အိမ်ထောင်ကိုဦးစီးဖို့က အစ်မတာဝန်လို့ သတ်မှတ်ထားတယ်” လို့ မမေရာက ပြောပါတယ်။
မမေရာတို့မြို့မှာနေခဲ့စဉ်က ပရဟိတအဖွဲ့လေးဖွဲ့ထားပြီး မြို့ရဲ့လွှတ်တော်ကိုယ်စားလှယ်နဲ့လည်း အင်မတန်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေမှာလည်း မိသားစုလိုက်အင်တိုက် အားတိုက် ပါဝင်ခဲ့ကြတာမို့ စစ်တပ်ရဲ့ အညှိုးထားရှာဖွေတာကို ခံခဲ့ရတာပါ။
” အစ်မတို့က မိသားစုလိုက် CDM လုပ်ခဲ့ကြတာ။ အငယ်ဆုံးသမီးလေးဆို နယ်စပ်ကိုရှောင်လာမှ မြေပြင်ကျောင်း စနေဖူးတာ။ အမျိုးသားဆိုလည်း သူ့NGO အဖွဲ့အစည်းမှာ အရာရှိအဖြစ်ကနေ အလုပ် ထွက်ပြီး တော်လှန်ရေးအလုပ်ထဲ စိတ်ရော၊ ကိုယ်ပါ နှစ်သွားခဲ့တာပါ” လို့ မမေရာကပြောပါတယ်။
တကယ်တမ်း အိမ်ထောင်ဦးစီးအနေနဲ့ရော၊ မိခင်အနေနဲ့ရော၊ ပြည်သူတစ်ယောက်အနေနဲ့ရော တာဝန် တွေကျေပွန်ဖို့ကို အတော်ရုန်းကန်ရပြီး တစ်ခါတစ်ရံမှာ စိတ်ဓာတ်ကျချင်သလို ဖြစ်ရတယ်လို့ မမေရာကပြောပါတယ်။
“စိတ်ခံစားချက်တွေကတော့ ပြင်းထန်တဲ့နေ့တွေရှိတာပေါ့။ မနက်လင်းကနေ ညသန်းခေါင်ထိ နေထိုင် စားသောက်ဖို့အတွက် အလုပ်လုပ်ရတယ်။ အားလပ်ချိန်မှာ ပြည်သူ့တာဝန် ထောက်ပို့အလုပ်တွေ လုပ်ရတယ်။ အမျိုးသားဖြစ်သူ အန္တရာယ်ကင်းရှင်းရေးအတွက်လည်း အမြဲပူရတယ်” လို့ မမေရာက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ကူညီတာတွေဟာ နှစ်ရှည်လာတာနဲ့အမျှ အားပျော့လာပါတယ်။
” အခု ကျွန်မ LCCI Level II တက်နေတယ်။ အဲဒီ့သင်တန်းပြီးရင် ကျွန်မပိုလှူနိုင်မယ်။ ပိုကူနိုင်မယ်လေ။ အခုက တစ်နေကုန် မအားမလပ်လုပ်နေရပေမယ့် ရတဲ့ဝင်ငွေက မလောက်ငှဘူး။ ပြည်တွင်းက မိတ်ဆွေတွေက ကြည့်ရှု့ပေးလို့သာရပ်တည်နိုင်တာ။ အားတော့မလျော့ဘူး။ ကျွန်မတို့လို မိသားစုတွေ ပြည်တွင်းရော၊ နယ်စပ်ရော၊ ပြည်ပမှာပါ ရှိနေကြမှာပါ။ အတူတူ ရင်ဆိုင်ကျော်ဖြတ်ရမှာပေါ့” လို့ မမေရာကပြောပါတယ်။
အိမ်ထောင်စုစာရင်း စာရွက်ရဲ့ အလုပ်အကိုင်နေရာမှာ မှီခိုလို့ ဖြည့်ထားရသူ အမျိုးသမီးတစ်ယောက်ဟာ မိခင်တာဝန်၊ ဇနီးသည်တာဝန်နဲ့၊ ပြည်သူကောင်းတစ်ယောက်ရဲ့ တာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင် နေရတာကိုလည်း ကျေနပ်မိပါတယ်လို့ မမေရာကပြောပါတယ်။
“အလုပ်ပင်ပန်းတာကိုလည်း တစ်ခုကျေးဇူးတင်မိတယ်။ စိတ်ညစ်စေမယ့် အကြောင်းတွေ မတွေး ဖြစ်တော့ဘူး။ အစ်မကြိုးစားနေမယ်ဆိုတာ အမျိုးသားကိုလည်း ယုံကြည်စေချင်တယ်။ သူစိတ်ဖြောင့် ဖြောင့်နဲ့ တိုင်းပြည်က ပေးလိုက်တဲ့တာဝန်ကို ထမ်းစေချင်တယ်။ အစ်မတို့ပြည်သူတွေ တက်ညီလက်ညီ ကြိုးစားခဲ့တာ အရွေ့တစ်ခုကိုကောင်းကောင်းမြင်ရပြီ” လို့ မမေရာက ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ မိခင်တွေ၊ ဇနီးသည်တွေဟာ သူတို့ရဲ့ သား၊သမီး၊ ခင်ပွန်းဖြစ်သူတို့ကို တော်လှန် ရေးမှာပါဝင်စေခဲ့ပြီး မိသားစုတာဝန်ကို နိုင်စွမ်းသလောက် ပခုံး ပြောင်းထမ်းယူကြရပါတယ်။
အဆင်မသင့်လို့ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတဲ့ မိသားစုဝင်တွေမှာလည်း ကိုယ့်ရဲ့ သား၊ သမီး၊ ခင်ပွန်းဖြစ်သူတို့ ချုပ်နှောင်နှိပ်စက်ခံရတာအပြင် အိမ်ကိုချိတ်ပိတ်သိမ်းသွားလို့ နေစရာမရှိ ခိုကိုးရာမဲ့ အဖြစ်တွေကြုံရပါတယ်။
ထောင်ဝင်စာတွေ့ဖို့ ကြိုးပမ်းရာမှာလည်း စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနရဲ့ အကျင့် ပျက်လာဘ်စားမှုတွေကြောင့် ထောင်ဝင်စာတစ်ခါတွေ့ဖို့ ငွေကို သိန်းနဲ့ချီသုံးစွဲရပါတယ်။
အဲဒီ့အတွက် မိသားစုမှာ ခြိုးခြံရှာဖွေရသလို အိမ်ရဲ့ အားကိုးရတဲ့ သားဖြစ်သူ ဒါမှမဟုတ် ခင်ပွန်း ဖြစ်သူတို့ဟာ တိုင်းပြည်လိုအပ်ချက်အရ တော်လှန်ရေးတပ်ဖွဲ့တွေထဲဝင်သွားခဲ့ရင်လည်း သူတို့ရဲ့ နေရာမှာ အမျိုးသမီးတွေဟာ ပခုံးပြောင်းထမ်း မိသားစုတာဝန်ယူရတာပါပဲ။
ကျောင်းဆရာတစ်ဦးဖြစ်ပြီး မိသားစုနဲ့ နူးနူးညံ့ညံ့ နေထိုင်ရှင်သန်ခဲ့တဲ့ မမေရာဟာ အခုဆိုရင် အမျိုးသားဖြစ်သူရဲ့ အိမ်ထောင်ဦးစီးနေရာကိုယူလိုက်ရပြီး အမျိုးသားဖြစ်သူ ဆက်သွယ်မှသာ အဆက်အသွယ်ရရှိကာ ဘေးကင်းကြောင်းကို သိရတာပါ။
အခုချိန်ထိတော့ မမေရာတစ်ယောက် ကလေးတွေကို E-Bike ကိုယ်တိုင်မောင်း ကျောင်းပို့၊ ကော်ဖီ ဆိုင်မှာအလုပ်လုပ်။ ညနေအလုပ်ဆင်းတာနဲ့ အွန်လိုင်းအလုပ်ကို ညသန်းခေါင်ထိလုပ်။ ထောက်ပို့ အတွက် အလှူရှင်ရှာ။ ဘဝတူ အိုးအိမ်စွန့်ခွာလာတဲ့ UG ရဲဘော်တွေကိုကူညီနဲ့ ဘဝကို ရှေ့ဆက်နေပါတယ်။
စစ်တပ်က အဓမ္မအာဏာသိမ်းယူခဲ့ပြီးတဲ့နောက် အိမ်ထောင်စုစာရင်းမှာ မှီခို အမည်ခံရင်း မိခင်တာဝန်၊ ဇနီးသည်တာဝန်နဲ့၊ ပြည်သူကောင်းတစ်ယောက်ရဲ့ တာဝန်တွေကို ထမ်းဆောင်နေတဲ့ အနာဂတ်ကို အလင်းရောင်ပေးမယ့် မမေရာတို့လို အမျိုးသမီးများစွာရှိနေပါတယ်။
#အိမ်ထောင်စုစာရင်းမှာမှီခိုပါ #အမျိုးသမီးကဏ္ဍဆောင်းပါး #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင် နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင် နေသည့် အကြောင်း အရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစား သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိ ပေးအပ်ပါသည်။)