
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်း များထားရှိရာ အချုပ်ဆောင်ကို အောက်တိုဘာ ၂၈ ရက်နေ့ ညနေတွင် အာဏာသိမ်းစစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် အဆိုပါ အချုပ်ဆောင်ကို ယမန်နေ့ ညနေ ၆ နာရီ ၃၀ ခန့်တွင် လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်မတော် မန္တလေး PDF က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖမ်းဆီးရမိထားသည့် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများထားရှိရာ အဆောက်အအုံကို ထိမှန်ခဲ့ပြီး စစ်သုံ့ပန်း ရှစ်ဦး အပါအဝင် ၁၂ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ ၆၀ ဦးဝန်းကျင် ရှိကြောင်း သိရသည်။
သေဆုံးခဲ့သည့် စစ်သုံ့ပန်း ရှစ် ဦးမှာ ရန်ကုန်တိုင်း တိုက်ကြီးအခြေစိုက် ဒုတပ်ကြပ် ထက်နောင်နောင်စိုး၊ အင်ကြင်းမြိုင် လကတ ၁၀၁၄ မှ တပ်ကြပ်ကြီးစာရေး ရန်နိုင်အောင်၊ တိုက်ကြီး ခမရ ၇၀၈ မှ ဗိုလ်ကြီး ထွန်းနိုင်၊ ရေနံချောင်း ခမရ ၇၇ မှ ဒုတပ်ကြပ် သီဟငြိမ်း၊ တိုက်ကြီး ခမရ ၇၀၈ မှ ဒုတပ်ကြပ် ဖိုးချို၊ ခမရ ၇၀၈ မှ တပ် ကြပ် ခင်မောင်ထွန်း နှင့် ပျူစောထီး နန်းမြို့ဦး ၊ သိန်းဇော် ဆိုသူတို့ဖြစ်ကြောင်း သိရသည်။
ဗုံးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်သုံ့ ပန်းများကိုလည်း ဆေးကုသမှုများ လုပ်ဆောင် ပေးလျက်ရှိကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ ပန်းများကို သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာထိန်း သိမ်းထားရှိသော်လည်း စစ်ကောင်စီသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားပြီး လေကြောင်းတိုက် ခိုက်မှု ပြုလုပ်ခဲ့သည်ကို တွေ့မြင်ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ-မန္တလေး PDF
#မန္တလေး #ပြည်သူ့ကာကွယ်ရေးတပ်မတော် #PDF #ဖမ်းဆီးရမိ #စစ်ကောင်စီ #စစ်သုံ့ပန်း #အချုပ်ဆောင် #ဗုံးကြဲခံရ #Ayeyarwaddy_Times