
(ဟားခါး)၊ ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။
ဟားခါးအခြေစိုက် စစ်ကောင်စီ၏ ရုန်းတောင်စခန်းကုန်းမှနေ၍ ယနေ့ အောက်တိုဘာ ၂၈ရက်နေ့ နံနက် ၈နာရီခန့်တွင် လက်နက်ကြီးကျည် နှစ်လုံးထက်မနည်း ရမ်းသန်းပစ်ခတ်ခဲ့သည်။
အဆိုပါ လက်နက်ကြီးကျည်သည် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်တွင် ကျရောက်ပေါက်ကွဲ၍ ကလေး တစ်ဦးအပါဝင် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“ဒီနေ့မနက် တိုက်ပွဲမရှိဘဲ စစ်သားတွေပစ်တဲ့ လက်နက်ကြီးကျည် မြို့သစ်ဘက်က အရပ်သားတွေ နေထိုင်တဲ့နေအိမ်မှာ ကျပေါက်ကွဲတယ်။ အိပ်နေတဲ့ အသက်ကြီးပိုင်းတစ်ယောက်နဲ့ ကလေး တစ်ယောက်က လက်နဲ့ကျောမှာ ကျည်စထိမှန် ဒဏ်ရာရတယ်” ဟု ဟားခါးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်နက်ကြီးကျည်ထိမှန်သည့် အသက် ၇၆ နှစ်အရွယ် သက်ကြီးပိုင်းတစ်ဦးနှင့် ကလေးငယ်တို့သည် သွေးထွက်လွန်၍ ဆေးရုံသို့ ပို့ဆောင်ထားရကြောင့် သိရသည်။
ဟားခါးမြို့အပြင်ရှိ သင်္ချိုင်းကုန်းအနားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့ အောက်တို့ဘာ ၂၈ ရက်နေ့ နံနက် ပိုင်းတွင် CDF-Hakha က သွားရောက်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှုအနည်းငယ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သင်္ချိုင်းကုန်းနားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့ထဲသို့ တပ်ဆုတ်ခွာသွားကြောင့် သိရှိရသည်။
“မနက် ၇နာရီလောက်က ပစ်ခတ်မှုဖြစ်တာ။ စစ်သားတွေတပ်ဆုတ်သွားတော့ ပစ်ခတ်တာမရှိတော့ဘူး။ အခု မြို့ထဲစစ်သားတွေ စစ်ကြောင်းထိုးဖို့ပြန်လုပ်နေပါတယ်”ဟု ဟားခါးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်၍ CDF-Hakha ဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပေ။
#ဟားခါးမြို့ #စစ်ကောင်စီတပ် #ပစ်ခတ် #လက်နက်ကြီးကျည် #ကလေးငယ် #အရပ်သား၂ဦးဒဏ်ရာရ #Ayeyarwaddy_Times