နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က တစ်လနီးပါးခန့်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့သော သတင်း ထောက်နှစ်ဦး ယမန်နေ့က ပြန်လွတ်လာသော်လည်း စစ်ကြောရေး ဝင်ရသဖြင့် လက်ရှိတွင် ကျန်းမာရေး ဂရုစိုက်နေရကြောင်း Red News Agency ထံက သိရသည်။

အဆိုပါ သတင်းထောက် နှစ်ဦးမှာ Red News Agency မှ သတင်းထောက် ကိုတာလင်းမောင်နှင့် အလွတ်တန်း သတင်း ထောက် ကိုနောင်ရိုးတို့ ဖြစ်ကြပြီး ၎င်းတို့ကို ပြီးခဲ့သည့် စက်တင်ဘာ ၂၉ နှင့် ၃၀ ရက်များတွင် KIA တပ်မဟာ (၉)၊ တပ်ရင်း (၆) က ဖားကန့်မြို့၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံရသည့် ၎င်းတို့နှစ်ဦးအား ပြန်လည်လွှတ်ပေးရန်နှင့် ဖမ်းဆီးရသည့် အကြောင်းအရင်းကို ဖြေရှင်းချက်ပေးရန် သတင်းထောက်များကာကွယ်စောင့်ရှောက်ရေးကော်မတီ(CPJ) အပါအဝင် ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့အစည်းများက တိုက်တွန်းတောင်းဆိုခဲ့ပြီးနောက် ယမန်နေ့ အောက်တိုဘာ ၂၇ ရက်၊ နေလယ် ၁၂ နာရီခန့်တွင် KIA က ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

“အဖမ်းခံထားရတာ ၂၈ ရက် တစ်လနီးပါးဆိုတော့ ဟိုမှာက အချုပ်ခံရ၊ စစ်ကြောရေး အဝင်ခံရတယ်။ အခု ကျန်းမာရေးကတော့ တအားဆိုးဆိုးကြီး မဟုတ်ပေမယ့် အဖမ်းမခံရခင်ကလိုတော့ မဟုတ်ဘူး။ နည်းနည်းကျန်းမာရေး ဂရုစိုက်နေရတဲ့ အနေအထားပါ” ဟု Red News Agency ၏ အယ်ဒီတာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ KIA က ဖမ်းဆီးခဲ့သည့် အလွတ်တန်း သတင်းထောက်ဖြစ်သူ ကိုနောင်ရိုးကလည်း ယမန်နေ့က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ (Facebook) မှတဆင့် အားလုံးသိရှိအောင် နှစ်ဦးစလုံး ပြန်လည်လွတ်လာပြီဖြစ်ကြောင်း အသိပေး ကြေညာခဲ့သည်။

ယင်းဖမ်းဆီးခံရမှုသည် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တော်လှန်ရေးအဖွဲ့အစည်းများက ပထမဦးဆုံး ဖမ်းဆီးခဲ့မှုလည်းဖြစ်ပြီး ပြန်လွတ်လာသည်အထိ မည်သည့် အကြောင်းရင်းဖြင့် ဖမ်းဆီးခဲ့သည်ကိုမူ KIA နှင့် ကာယကံရှင် နှစ်ဦးစလုံးတို့က ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

၎င်းတို့နှစ်ဦး ဖမ်းဆီးခံရမှု၊ စစ်ကြောရေး အဝင်ခံရမှုအပါအဝင် စသည်တို့နှင့် ပတ်သက်၍ ဧရာဝတီတိုင်းမ် သတင်းဌာနမှ မေးမြန်းရန် KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို ယနေ့ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ရှိအထိ ဆက်သွယ်၍ မရရှိသေးပေ။

ဓာတ်ပုံ – CPJ

#သတင်းထောက် #ဖမ်းဆီးခံရ #KIA #ပြန်လွတ်ပေး #စစ်ကြောရေး #ကျန်းမာရေး #ဂရုစိုက်နေရ #Ayeyarwaddy_Times