
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သန္နီမြို့ကို စစ်ကောင်စီက ယမန်နေ့ အောက်တိုဘာ ၂၇ ရက်နေ့ညပိုင်းတွင် လေကြောင်း မှ ဗုံး ရှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ အောက်တိုဘာ ၂၇ ရက်နေ့ ည ၉ နာရီ ၄၀ ခန့်က သိန္နီမြို့ကို လေကြောင်းမှ ဗုံး ရှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမှတ် (၃) ရပ်ကွက်ရှိ သိန္နီဟိုတယ်အနီးနှင့် ကချင်နှစ်ခြင်းဘုရားရှိခိုးကျောင်း ထိမှန်ပျက်စီးခဲ့ပြီးနေအိမ်အချို့ပါ ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။
“ဘုရားကျောင်းတစ်ခုလုံး ဗုံးထိပြီး ပျက်စီးသွားတာ။ ဟိုတယ်အနီးမှာရှိတဲ့ နေအိမ်တွေလည်း ထိတာ အတော်များတယ် ။ လူအထိအခိုက်တော့မရှိဘူး”ဟု သိန္နီဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။
ထို့ပြင် စစ်ကောင်စီသည် အောက်တိုဘာ ၂၇ ရက်နေ့ ညပိုင်း ၇ နာရီ ၃၀ ခန့်က နောင်ချိုမြို့နယ်ရှိ သပြေရေရွာကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ၎င်းတို့ဆုံးရှုံးလက်လွှတ်လိုက်ရသည့် နယ်မြေများရှိ အရပ်သားများကို ပစ်မှတ်ထား၍ လေကြောင်းမှ နေ့စဉ်ဗုံးကြဲချတိုက်ခိုက်မှုများပြုလုပ်နေကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#ရှမ်းမြောက် #သိန္နီ #နောင်ချို #စစ်ကောင်စီ #လေကြောင်း #ဗုံးကြဲ #Ayeyarwaddy_Times