ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသူ၊ အကျဉ်းသားများ၏ ကိုယ်ရေးအချက် အလက်များကို ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ကာ ‌စစ်ကောင်စီက ကောက်ယူနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံက သိရသည်။

စစ်ကောင်စီ၏ လက်အောက်ခံ အကျဉ်းထောင်အာဏာပိုင်များ၊ ဝန်ထမ်းများသည် အကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေ၊ အမည်၊ အဘအမည်၊ အသက်၊ ပညာအရည်အချင်း၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာနှင့် အိမ်ထောင်ရှိမရှိကို အဓိက မေးမြန်းလျက်ရှိ‌နေပြီး ‌အကျဉ်းထောင် ၁၀ ခုထက် မနည်းတွင် ကောက်ယူထားပြီဖြစ်‌ကြောင်းလည်း သိရသည်။

ထိုကဲ့သို့ မေးမြန်းမှုကို ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့ကလည်း သထုံအကျဉ်းထောင်တွင် ပြုလုပ်ခဲ့ပြီး အကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေကို အဓိကထားမေးမြန်းခဲ့၍ အကျဉ်းသား မိသားစုဝင်များက စစ်မှုထမ်းရန်အတွက် ကောက်ယူခြင်းဖြစ်မည်ကို စိုးရိမ်လျှက်ရှိကြောင်း သိရသည်။

“ဘာအတွက်ကောက်သလဲဆိုတာတော့ မသိဘူး။ အကျဉ်းသားဆိုတော့ မဲပေးဖို့တော့မဖြစ်နိုင်ဘူး။ ဒါစစ်မှုထမ်းဖို့ဖြစ်နိုင်မလားမသိဘူး ကျန်းမာရေးကောင်းမကောင်းမေးတယ်။ ကျန်းမာရေးမကောင်းရင် ဘာရောဂါလဲ မေးလာတာမျိုးဆိုတော့ အဲ့လိုသုံးသပ်ကြတာ။ အခုကောက်တာက သန်းခေါင်စာရင်း ကောက်သယောင်ယောင်နဲ့ ကျန်းမာရေးစစ်တာနဲ့ အသက်ဆိုတော့ အဲ့နှစ်ခုကို သုံးသပ်ပြီး စစ်မှုထမ်းဖို့လို့မြင်မိတာ” ဟု သထုံ အကျဉ်းထောင်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အကျဉ်းသားများအနေဖြင့် စစ်ကောင်စီ၏ ယခုကဲ့သို့ မေးမြန်းမှုများကို အကျဉ်းထောင်ရောက်ရှိချိန် ထောင်အဝင်တွင် ကိုယ်ရေးအချက်အလက် ၃၂ ချက်ကို ဖြေဆိုထားရပြီးသားဖြစ်သည့်အတွက် ယခု ထပ်မံကောက်ယူမှုအပေါ် စိုးရိမ်ပူပန်မှုများရှိနေကြောင်းလည်း PPNM က ထုတ်ပြန်ပြောဆိုထားသည်။

အချက်အလက်ကောက်ယူမှုများကို အချို့အကျဉ်းထောင်များတွင် ကောက်ယူထားရှိပြီဖြစ်ကာ ထောင်အချို့တွင် ကောက်ယူမှု မရှိသေးသော်လည်း ‌မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ နိုင်ငံ‌ရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားအားလုံးထံမှ ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းပြီး သုံးနှစ်ကျော်ကြာ ကာလအတွင်း တော်လှန်ရေးနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၀၄၁ ဦးရှိပြီး ၉၄၈၀ ဦးမှာ ခောင်ဒဏ်ချမှတ်ခြင်း ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံက သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#အကျဉ်းထောင် #စစ်ကောင်စီ #အချက်အလက်ကောက်ယူ #အကျဉ်းသား #Ayeyarwaddy_Time