ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်

အညာဒေသအပါအဝင် အချို့တိုင်းနှင့် ပြည်နယ်တို့၌ ယခုနှစ်ဆောင်းရာသီကာလတွင် ပျှမ်းမျှ အပူချိန်ထက် ၁ ဒသမ ၅ ဒီကရီစင်တီဂရိတ်ထိမြင့်တက်နိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေသဝနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။

လာမည့် နိုဝင်ဘာ ၁ ရက်နေ့ကစတင်၍ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဆောင်းမုတ်သုံ လေစတင်ဝင် ရောက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနကလည်း ယနေ့ ရက်စွဲ့ဖြင့် ထုတ်ပြန်ထားသည်။

ဆောင်းရာသီသို့ဝင်ရောက်ပါက အေးတတ်သောဒေသများသည့် နေပြည်‌တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ( မြောက်ပိုင်းနှင့် တောင်ပိုင်း) နှင့် ကရင်နီပြည်နယ်တို့တွင် ယခင်နှစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီအထိ ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅ ဒီကရီစင်တီဂရိတ်ပိုနိုင်ကြောင်း သိရသည်။

အဆိုပါ ဒေသများတွင် အပူချိန်မြင့်တက်လာမည်ဖြစ်သော်လည်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း အပါအဝင် ရှမ်းပြည် ( အရှေ့ပိုင်း) ၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်မူ ဆောင်းရာသီပျှမ်းမျှ အပူချိန်ခန့်သာရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

” ပြင်ဦးလွင်မှာတော့ အေးနေပြီ။ မနက်ပိုင်းအစောဆို မြူကျတယ်။ ငါးနာရီ ( မနက်) ဆိုမှောင်မည်းနေတာပဲ။ ဘာမှမမြင်ရဘူး။ ဒီနှစ်အေးတာပိုစောသလိုပဲ ” ဟု ပြင်ဦးလွင်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင်ဆောင်းရာသီကာလအတွင်း ကုန်းမြင့်နှင့် တောင်တန်း‌‌ဒေသ၊ ကမ်းရိုးတန်းဒေသများတွင် ဒေသ အလိုက်ထူထပ်စွာ မြူထူဆိုင်း‌လေ့ရှိနိုင်ကြောင်းသိရသည်။

ကမ္ဘာကြီးသည်ပိုမိုပူနွေးလာပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ပျှမ်းမျှအပူချိန်များပြောင်းလဲလာခြင်းကို ဖြစ်ပေါ်စေကြောင်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပညာရှင်များ၏ ထုတ်ပြန်ချက်နှင့် သုတေသန စာတမ်းများအရ သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ဆောင်းရာသီ #ပျှမ်းမျှအပူချိန်ထက်ပိုနိုင် #၁ဒသမ၅ဒီဂရီစင်တီဂရိတ် #Ayeyarwaddy_Times