ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ အောက်တိုဘာ ၂၇ ရက်)

လူတစ်စုက မီးသွေးခဲတစ်တုံးလို မည်းနက်နေတဲ့ လူသေအလောင်းကို မှုခင်းဆေးပညာရင်ခွဲရုံကို သယ်လာတဲ့အခါ ဆေးရုံအနီးအနားဝန်းကျင်မှနေ၍ ဟိုကြည့် သည်ကြည့် လာစပ်စုနေကြပါတယ်။ အသက် (၂၂) နှစ်သာရှိသေးတဲ့ လူပျိုပေါက်လူငယ်လေးကတော့ အခုမနက်မှာပဲ လျှပ်စစ်အန္တရာယ် ကြောင့် အသက်ဆုံးရှုံးခဲ့လိုက်ရပါပြီ။

မတော်တဆမှုလို့ပဲ ပြောရမည်လား၊ ပေါ့ဆမှုလို့ဆိုရမည်လား မသိပေမယ့် စိတ်မကောင်းဖွယ်ရာ ကိစ္စ တစ်ခုဆိုတာတော့ ဟုတ်နေပါတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်ကြောင့် လူရာနဲ့ချီပြီး နှစ်စဉ် သေဆုံးနေပါတယ်။ ဒါကြောင့်အားလုံးအတွက် လျှပ်စစ်ကြောင့်ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကို ကျန်းမာရေးရှုထောင့်ကနေ ပြောပါရစေ။

🔳ဓာတ်လိုက်ခြင်း (Electrocution)

လျှပ်စစ်နဲ့ ကိုယ်ခန္ဓာ ထိတွေ့မိတဲ့အခါ လျှပ်စီးကြောင်းက ခန္ဓာထဲကိုဖြတ်သန်းစီဝင်ပါတယ်။ လျှပ်စစ် စီးရာလမ်းကြောင်းဟာ နှလုံးသားကို ဖြတ်သန်းသွားရင်တော့ နှလုံးရပ်တန့်သေဆုံးပါပြီ။ ဒီလိုဖြစ်တာကို ဓာတ်လိုက်တယ်လို့ခေါ်ဆိုနိုင်ပါတယ်။ လျှပ်စစ်ရှောခ့်ဖြစ် ဓာတ်လိုက်ခံရသူဟာ သေရင်သေ မသေပါက ပြင်းပြင်းထန်ထန်ဒဏ်ရာရနိုင်ပါတယ်။

သဘာဝအတိုင်းသေခြင်းမဟုတ်တဲ့ ရုတ်တရက်သေဆုံးခြင်းထဲမှာ ဓာတ်လိုက်သေဆုံးခြင်းကလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

တီထွင်မှုတိုင်းမှာ ကောင်ကျိုး ဆိုးပြစ်တွေရှိပါတယ်။ လူသားတွေလျှပ်စစ်ကို ကိုယ်တိုင်မဖန်တီး နိုင်‌သေးခင် ၁၇၀၀ ခုနှစ်များမတိုင်မီအခါက ဓာတ်လိုက်သေဆုံးခြင်းဆိုတာမရှိခဲ့ပါဘူး။ အလားသဏ္ဍာန် တူတဲ့မိုးကြိုးထိမှန် သေဆုံးခြင်းပဲရှိခဲ့ဖူးပါတယ်။ ၁၇၄၆ ခုနှစ် နယ်သာလန်နိုင်ငံမှာ ကမ္ဘာ့ပထမဆုံး ဓာတ်လိုက်ခြင်းဆိုတာကို သိပ္ပံပညာရှင်တွေ ဓာတ်ခွဲခန်းမှာကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

လျှပ်စစ်က လူ့အသက်ကိုထိခိုက်နိုင်တာကို အသုံးချပြီး ၁၈၉၀ ခုနှစ်မှာ လျှပ်စစ်ထိုင်ခုံဖြင့် သေဒဏ် ချမှတ်ခြင်းကိုလည်း လူသားသမိုင်းမှာ လုပ်ဆောင်ခဲ့ကြပြီး နိုင်ငံအချို့မှာ လုပ်ဆောင်နေဆဲလည်း ဖြစ်ပါတယ်။

🔳ဓာတ်လိုက်ခြင်းနဲ့ဆေးပညာ

လျှပ်စစ်နဲ့ထိတွေ့တဲ့အခါနှလုံးကရပ်တန့်သွားပါတယ်။ ဆေးပညာအရဆိုပါက အများအားဖြင့် (Ventricular Fibrillation) ‌ နှလုံးသွေးညှစ်ခန်းမှာရှိတဲ့ နှလုံးကြွက်သားများ စည်းချက်ပျက် ခါရမ်းပြီး ထိထိမိမိသွေးမညှစ်နိုင်တော့ဘဲ နှလုံးရပ်တန့်ခြင်းဖြစ်ပေါ်ကာ အသက်ဆုံးရှုံးရပါတယ်။

လျှပ်စစ်စီးဝင်ကာ ဓာတ်လိုက်သေဆုံးဖို့အခြေအနေအတွက် လိုအပ်ချက်သုံးခုရှိပါတယ်။

၁။ လျှပ်စစ်စီးဝင်နေတဲ့လျှပ်စစ်ဓာတ်ကြိုး လျှပ်စစ်ပစ္စည်းတစ်ခုခု
၂။ လျှပ်စစ်စီးကြောင်းဖြတ်သန်းဝင်ရောက်ဖို့အတွက် လျှပ်စစ်ဓာတ်လိုက်ခံရသူရဲ့ ခန္ဓာကိုယ်
၃။မြေပြင်ဆိုတဲ့အခြေအနေသုံးခု တစ်စုတစ်ပေါင်းထဲရှိမှ ဓာတ်လိုက်ခြင်းဖြစ်နိုင်ပါတယ်။ လျှပ်စစ်ပြင်း အား လျှပ်စီးခန္ဓာ ကိုယ်ထဲဝင်ရောက်ဖြတ်သန်းကြာချိန်အလိုက် ထိခိုက်ပျက်စီးမှုတွေ ကွာခြား နိုင်ပါတယ်။

လျှပ်စစ်ခံနိုင်ရည်က ရေစိုနေတဲ့အချိန်မှာ လျော့နည်းသွားတတ်ပါတယ်။ ခံနိုင်ရည်နည်းလေလေ (ဆိုလိုသည်မှာရေစိုနေပါက) လျှပ်စစ်ဓာတ်လိုက်လွယ်လေလေ ဖြစ်ပါတယ်။

တစ်ခါတလေမှာလျှပ်စီးကြောင်းက ဦးနှောက်နဲ့ ကျောရိုးအတွင်းရှိအာရုံကြောမကြီးကို ဖြတ်သန်း စီးသွားတဲ့အခါ အသက်မရှူနိုင်တော့ခြင်း ခန္ဓာကိုယ်ရှိကြွက်သားများထိန်းချုပ်နိုင်စွမ်း ပြတ်သွား ခြင်းတို့ကြောင့် သေဆုံးရပါတယ်။

ဓာတ်တိုင်ပေါ် ဓာတ်ကြိုးများနှင့် အလုပ်လုပ်ရသူ EPC လျှပ်စစ်ဝန်ထမ်းများ နှင့် ဝန်ထမ်း မဟုတ်သောလျှပ်စစ်ပြင်ဆင်ကြသူများ ဘယ်သူမှာမှအသက်အပို မပါပါဘူး။ ဝါယာကြိုးတွေကို ဂရုတစိုက် စနစ်တကျကိုင်တွယ် အလုပ်လုပ်ဖို့အကြံပြုပါရစေ။ ဓာတ်တိုင်ပေါ် ဓာတ်လိုက်ပါက ရုတ်ချည်းကြွက်သားတုံ့ဆိုင်ခြင်းကြောင့် အမြင့်မှပြုတ်ကျကာ ထိခိုက်ဒဏ်ရာရကြသူများလည်း များပါတယ်။ “နူရာဝဲစွဲ” ဓာတ်လိုက်ရာ ပြုတ်ကျ သေဖို့ပိုနီးသွားပါတော့တယ်။

🔳စစ်တပ်ထိန်းချုပ်ခံEPC

လျှပ်စစ်ဟာ လူကိုစိတ်ပင်ပန်းစိတ်ဒဏ်ရာရစေတယ်လို့ ကျန်းမာရေးအမြင်နဲ့ ပြောရင် ကမ္ဘာနိုင်ငံတွေ လက်ခံနိုင်ပါ့မလား မပြောနိုင်ပေမယ့် မြန်မာနိုင်ငံမှာတော့ လျှပ်စစ်မီးပြတ်လပ်ခြင်းကြောင့် တကယ့်ကို စိတ်ပင်ပန်းဆင်းနေကြရပါတယ်။

စစ်ကောင်စီဟာ ပေါပေါလောလောရ‌နေ ထွက်နေတဲ့ လျှပ်စစ်ကိုပြည်တွင်းမှာ မလုံမလောက်ပေးပြီး ပြည်ပကိုသာရောင်းဖို့အမြဲစဉ်းစားနေတာကြောင့် ပြည်သူတွေမှာ လျှပ်စစ်ကို အလှည့်ကျ စနစ်ဖြင့်သာ သုံးရပါတယ်။ ဆင်းရဲမွဲတေလှတဲ့ မြန်မာပြည်သူတွေဟာ စစ်အုပ်စုရဲ့ အနိုင်ကျင့် ခံနေရခြင်းသာမကဘဲ မနက်စောစော သုံးနာရီလောက်ထပြီး ထမင်းအိုးထချက်ရရတဲ့ ဒုက္ခဟာလည်း နေ့စဉ်ဘဝကို အမြဲစိတ်ပင်ပန်းစေတဲ့ ညှင်းဆဲခံရမှုတစ်ခုပါပဲ။

နိုင်ငံသူ နိုင်ငံသားတွေဟာ တစ်နေ့ လေးကြိမ်နှုန်း အလှည့်ကျ လျှပ်စစ်မီးပေးစနစ်ဖြင့် တဖက်လှည့် အနိုင်ကျင့်ထားခြင်းခံနေရပြီး စစ်ဗိုလ်ချုပ်တွေ နေထိုင်ရာနေရာတွေဖြစ်တဲ့ ရန်ကုန် ၉ မိုင်ကုန်း VIP အိမ်ယာတွေမှာတော့ ၂၄နာရီ လျှပ်စစ်မီးရရှိနေပြီး ကျန်ပြည်သူတွေရဲ့ အခွင့်ရေးတွေ ပိတ်ပင်ခံနေရတာတာ မတရားမှုပါပဲ။

လျှပ်စစ်မီးပြတ်တောင်း ပြတ်တောင်းရရှိသော မြို့ရွာများက ၂၄ နာရီလျှပ်စစ်မီးရရှိနေသော အခွင့်ထူးခံ VIP နေရာများထက် လျှပ်စစ်အန္တရာယ် ကိုပိုမိုကြုံတွေ့ရပါတယ်။ မီးအားအတက် အကျ မမှန်ခြင်း ကြောင့် မီးသီးမီးလုံးမီး‌ချောင်းကျွမ်းခြင်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများပျက်စီးလွယ်ခြင်း၊ ဝါယာရှော့ခ်ဖြစ်၍မီးလောင်ခြင်း ပြဿနာများကိုလည်း ပို၍ ကြုံတွေ့နေရပါတယ်။

လျှပ်စစ်က သင့်အသက်ကို အန္တရာယ်ပေးနိုင်ပါတယ်။ အရည်အသွေးစိတ်ချရတဲ့ လျှပ်စစ်ပစ္စည်း များကိုသုံးပါ။ ဝါယာကြိုးများ ဟောင်းနွမ်းပျက်စီးပေါက်ပြဲလျှင် အသစ်လဲလည်ပါ။ မီးခလုတ်များ စနစ်တကျကိုင်တွယ်ပါ။

ကလေးငယ်များဆယ် ကျော်သက်များ လျှပ်စစ်မီးဖြင့်ဆော့ကစားခြင်းကို ထိန်းသိမ်းပါ။ ပညာပေးပါ။ ရေစိုနေသောလက်ဖြင့် လျှပ်စစ်ပလက် ပေါက် လျှပ်စစ်မီးခလုတ်များ မကိုင်တွယ်ပါနှင့်။ လျှပ်စစ် အန္တရာယ်ရှိသည်ဟု ဖော်ပြထားသော နေရာများကိုသွားခြင်းကိုင်တွယ်ခြင်း ထိတွေ့ခြင်းရှောင်ကြဉ် ပါလို့ သတိပေးပါရစေ။

ဧရာဝတီတိုင်းမ်ပရိသတ်များအားလုံးလည်း ကျန်းမာသုခအပေါင်းနဲ့ပြည့်စုံပါစေ။ နောက်တစ်ပတ် မှာတော့ ဒိန်ချဉ်နှင့်ကျန်းမာရေးဆောင်းပါးကို တင်ဆက်ပေးမှာဖြစ်တာကြောင့် စောင့်မျှော်ကြပါဦး ခင်ဗျာ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #လျှပ်စစ်အန္တရာယ် #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)