ဧရာဝတီတိုင်း
(ထီးလင်း)၊ အောက်တိုဘာ ၂၇ ရက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် ထီးလင်း မြို့ပေါ်မှ စစ်ကြောင်းထိုးရန် ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းမှာ ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့တွင် ဒေသခံ ငါး ဦးကို သတ်ဖြတ်ခဲ့ပြီး လေးဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ မီးရှို့သတ်ဖြတ်ခြင်း ခံခဲ့ရသူများမှာ ကျားခဲရွာမှ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားများ ‌‌‌‌‌‌ဖြစ်ပြီး ဦးမျိုးကျော်၊ ဦးသန်းစိန်မင်း၊ ကိုဝင်းဆန်းဦး၊ ကိုမင်းသူ တို့ဖြစ်ပြီး ရဲဘော်နေဆန်းဝင်း ဆိုသူမှာ ကျည်ဆန်ထိမှန်မှုကြောင့် သွေးထွက်လွန်ခဲ့ကာ သေဆုံးခဲ့ရကြောင်း သိရသည်။

“စစ်ကြောင်းဝင်လာတဲ့အချိန်မှာ မပြေးနိုင်တဲ့ပြည်သူတွေ၊ ရွာထဲမှာပုန်းနေတဲ့သူတွေနဲ့ ရွာနီးချုပ်စပ်တွေမှာရှိတဲ့သူတွေက အော်သံတွေအကျယ်ကြီးကြားရတယ်ဆိုပြီးပြောတာတွေရှိတယ်။ ပြန်ဝင်လာပြီး ရှင်းလင်းရေးလုပ်တဲ့အချိန်မှာ မီးရှို့ခံရတာကိုတွေ့တာ” ဟု ဂန့်ဂေါခရိုင်တပ်ရင်း(၁၅၊ ၁၆၊ ၁၇)-YRA ထီးလင်း ပြန်ကြားရေးတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် အဆိုပါ စစ်ကြောင်းမှာ အောက်တိုဘာ ၂၅ ရက်နေ့ ညမှ စတင်ကာစစ်ကြောင်းထိုးလာခြင်း ဖြစ်သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့အချို့က ကြိုတင်ကာမိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်မှနှစ်ဦးနှင့် အထက်သေဆုံးခဲ့ပြီး ၎င်းတို့အခြေစိုက်ရာ ထီးလင်းမြို့ ပေါ်သို့ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

“ထီးလင်းကိုမနက် ၈ နာရီကတည်းက ပြန်ဝင်တယ်။ ဒီနေ့နေ့လယ် ၁၂ ကျော်လောက်မှာ ထီးလင်းသင်္ချိုုင်းမှာ အသုဘချပါတယ်။ လောလောဆယ် သိရသလောက် နှစ်ယောက်သေတယ်ပေါ့နော်။ ဒဏ်ရာရသူများတယ်လို့လည်းကြားတယ်ဗျ။ လောလောဆယ် ကျားခဲရွာသား သုံး ဦးအဖမ်းခံသွားရတယ်လို့ သိရပေမဲ့ သေချာတော့အတည်မပြုနိုင်သေးပါဘူး” ဟု အဆိုပါပြန်ကြားရေးတာဝန်ခံက ဆက်လက် ပြောသည်။

ဒေသခံများကို မီးရှို့သတ်ဖြတ်ခဲ့သည့် အင်အား ၈၀ ကျော်ပါ အဆိုပါစစ်ကြောင်းတွင် တပ်မ-၅၅၊ ၇၇၊ ၃၃ လက်အောက်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့ ပါဝင်ကြောင်း သိရသည်။

ဂန့်ဂေါခရိုင်တွင် ယခုကဲ့သို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒေသခံများကို ရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များဖြစ်ပွားခဲ့ဖူးပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာကလည်း ဂန့်‌ဂေါမြို့နယ်၊ မြောက်ခင်ရန်းပျူရွာမှ စစ်ကောင်စီလက် အောက်ခံတပ်ဖွဲ့ဝင်များက ယော PDF တပ်ဖွဲ့ဝင် နှစ် ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် ရှိခဲ့ဖူးသည်။

အဆိုပါ ထီးလင်းစစ်ကြောင်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာအတွင်းက ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် အနောက်ဘက် ကျေးရွာမှ ဒေသခံလေးဦးကို မီးရှို့သတ်ဖြတ်သည့် ဖြစ်စဉ်များရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဓာတ်ပုံ – ပေးပို့

#ထီးလင်း #မီးရှို့ #အသတ်ခံရ #ဒေသခံ #ထီးလင်းစစ်ကြောင်း #Ayeyarwaddy_Times