နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ ရက်

စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)ကို ကြိုဆိုပြီး အကောင်အထည်ဖော်သည့် နေရာတွင် Deadlock ကျ၍ ပိတ်ဆို့ရပ်သွားခြင်းမျိုး မဖြစ်စေသော စီမံခန့်ခွဲမှု နည်းနာများကို အထူးဂရုပြုသင့်ကြောင်း စစ်ကိုင်းဖိုရမ်က ထောက်ပြအကြံပြုသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်သည် အထူးအစည်းအဝေးခေါ်ယူပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)ရေးဆွဲရေး ကော်မရှင်ကို ဖွဲ့စည်းကာ တာဝန်ပေးအပ်ခဲ့ရာမှ အဆိုပါဥပဒေမူကြမ်းထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမတိုင်ခင် စစ်ကိုင်းဒေသရှိ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ယုံကြည်သော ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ CDM နိုင်ငံ့ဝန်ထမ်းများ၊ တိုင်းရင်းသားအင်အားစုများအပါအဝင် စသည်တို့နှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)ကို စစ်ကိုင်းဖိုရမ်အနေဖြင့် ကြိုဆိုပြီး ယခုအချိန်သည် တော်လှန်ရေးကာလ ဖြစ်သည့်အတွက် မူဝါဒအရ အားလုံးနှင့် ညှိနှိုင်းပေါင်းစပ်ခြင်း ဖြစ်သင့်သော်လည်း နည်းနာများကို ဂရုပြုရန် အကြံပြုကြောင်း ပြောခွင့်ရ ကိုစိုးဝင်းဆွေက ဆိုသည်။

“ဒါကို အကောင်အထည်ဖော်တဲ့ နေရာမှာ ရှေ့ကိုရွေ့စေနိုင်တဲ့ Deadlock ကျပြီး ပိတ်ဆို့ရပ်သွားတာမျိုး မဖြစ်စေတဲ့ စီမံခန့်ခွဲမှု နည်းနာတွေကို သေချာစဉ်းစားပြီး ဆောင်ရွက်ဖို့ကလည်း အရေးကြီးမယ်ဆိုတဲ့ အချက်ကို ထောက်ပြချင်ပါတယ်” ဟု ကိုစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)ရေးဆွဲရေးကော်မရှင်ကို အစု အဖွဲ့အသီးသီးမှ အဖွဲ့ဝင် ၅၇ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၃) အရ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရသည်။

စစ်ကိုင်းဖက်ဒရယ် ယူနစ်လွှတ်တော်အနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ မဆောင်ရွက်မီ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဒေသအတွင်း တော်လှန်ရေး/နိုင်ငံရေး အင်အားစုများအပြင် ကျန်ရှိနေသော ယူနစ်အတွင်းရှိ အခြားအင်အားစုများကိုပါ မူကြမ်းအား ပေးပို့သွားမည်ဟု သိရသည်။

ထို့နောက် ပေါင်းစပ်ညှိနှိုင်း အကြံပြုချက်များ ရယူ၍ လိုအပ်သလို အလုပ်တာဝန်များကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ် ယူနစ်လွှတ်တော်က ယမန်နေ့ အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ဖော်ပြခဲ့သည်။

#စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် #စစ်ကိုင်းဖက်ဒရယ်ယူနစ် #ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း #ကြိုဆို #Ayeyarwaddy_Times