ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ ရက်

ဧရာ၀တီတိုင်း၊ အိမ်မဲမြို့တွင် ရခိုင်ပြည်နယ်သို့ပို့ရန် စားသောက်ကုန်များ တင်ဆောင်ထားသော ကုန်ကား ခုနှစ််စီးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း သိရသည်။

အိမ်မဲမြို့နယ် ကျွန်းကုန်းကျေးရွာ အနီးတွင် အောက်တိုဘာလ ၂၅ ရက်နေ့က ကုန်တင်ကားလေးစီး နှင့် အောက်တိုဘာလ ၂၆ရက်နေ့တွင် ကုန်တင်ကား သုံးစီးစုစုပေါင်း ခုနှစ်စီးကို ရခိုင့်တပ်တော်(AA) သို့ ရိက္ခာပို့သည်ဟုစွပ်စွဲကာ ဖမ်းဆီးထားခြင်းဖြစ်သည်။

“ရခိုင်ပြည်ကို စစ်တပ်က စားသောက်ကုန် ပိတ်ထားတာကြာပြီ။ စီးပွားရေး သမားတွေက အဲ့ကိုရောက်အောင်ပို့ရင် လေးဆလောက်မြတ်တော့ကြံဖန်ပြီးပို့နေကြတာ။ သူတို့စွပ်စွဲသလို AA ကို ရိက္ခာပို့တဲ့ကားတွေတော့မဟုတ်ပါဘူး၊ ကုန်ပို့တဲ့ကားတွေပါ”ဟု ဒေသခံကုန်တင်ယာဥ်မောင်းတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။

အဆိုပါ ကုန်တင်ကားများမှာ ရန်ကုန်တိုင်းမှ ရောက်ရှိလာခြင်းဖြစ်ပြီး လက်ရှိတွင် ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်များကို အိမ်မဲ မြို့မရဲစခန်းတွင် ဖမ်းဆီးထားကာ ကုန်တင်ကားများကို မြို့နယ်ဘောလုံးကွင်းအတွင်း သိမ်းဆည်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ရခိုင်သို့ စားသောက်ကုန်များနှင့် စက်သုံးဆီများကို ဧရာ၀တီတိုင်းမှတစ်ဆင့် စီးပွားရေးသမားများနှင့် အကျိုးတူပူးပေါင်းပြီးပို့ဆောင်ခွင့်ပေးခဲ့သော အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီး ဗိုလ်မှူးကြီး အောင်ဆန်းလွင်၊ ဗိုလ်မှူးကြီး မျိုးညွန့်ဦးအပါအဝင် အရာရှိ၁၉ ဦးခန့်ကို စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့သည်။

#အိမ်မဲ #ရခိုင် #စားသောက်ကုန် #ကား၇စီး #စစ်ကောင်စီဖမ်းဆီး #Ayeyarwaddy_Times