ဧရာဝတီတိုင်းမ်
(ထီးလင်း)၊ အောက်တိုဘာ ၂၆ ရက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ကျားခဲရွာကို စစ်ကောင်စီက ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်က စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံ အမျိုးသား လေး ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ် သွားကြောင်း သိရသည်။

အင်အား ၈၀ ကျော်ပါသော အဆိုပါ စစ်ကြောင်းသည် ယမန်နေ့ အောက်တိုဘာ ၂၅ ရက်နေ့က စတင်ကာ ထီးလင်းမြို့ ပေါ်မှ ထွက်ခွာလာပြီးနောက် ကျားခဲရွာသို့ ဝင်ရောက်၍ ဒေသခံ လေး ဦးကို သတ်ဖြတ်ခဲ့ပြီး ရွာသားအချို့ကို လူသားဒိုင်းအဖြစ် ဖမ်ဆီးခေါ်ဆောင်ကာ ယခုအခါတွင် သရခါရွာအတွင်း ဝင်ရောက် နေပြီဖြစ်ကြောင်းလည်း ယောအလင်းတန်း အဖွဲ့ထံက သိရသည်။

“ရွာအဝင်ဂိတ်မှာတွေ့တာပါ။ မီးရှို့ခံထားရတာ အသက် ၃၀ ခန့်အရွယ် အမျိုးသားတွေပါ။ နာမည်တွေမသိရသေးဘူးဗျ။ တစ်ရွာလုံး ထွက်ပြေးနေကြရပါတယ်ဗျ” ဟု ယောအလင်းတန်း အဖွဲ့အစည်းမှ ကိုမင်းဒဿ ကဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းမှူးမှာ ယခုနှစ်အတွင်းမှ မင်းတပ် ခလရ-၂၇၄ တပ်ရင်း မှ ထီးလင်းမြို့နယ် အတွင်းသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး တပ်မ-၅၅၊ ၇၇၊ ၃၃ တို့မှ ပူး ပေါင်းတပ်ဖွဲ့များဖြစ် ကြောင်းသိရသည်။

ထီးလင်းမြို့ အခြေစိုက် စစ်ကြောင်းအနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ အောက်တိုဘာ ဒုတိယပတ် အတွင်းကလည်း ထီးလင်းမြို့နယ်၊ အနောက်ဘက် ကျေးရွာမှ ဒေသခံ အမျိုးသားလေးဦးကို မီးရှို့သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ဖူး ကြောင်းသိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ က မီးရှို့သတ်ခံရသည့် ထီးလင်းမြို့နယ်မှဒေသခံများ (ပုံဟောင်း)

#ထီးလင်း #မီးရှို့သတ်ခံရ #အရှင် #ဒေသခံ #အမျိုးသား #စစ်ကောင်စီစစ်ကြောင်း #Ayeyarwaddy_Times