
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၆ ရက်
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများကြောင့် မရှုမလှ စစ်ရှုံးလာသော စစ်ခေါင်း ဆောင်က လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ စိတ်ဓာတ်ပျက်ပြားလာနေ၍ အာဆီယံနိုင်ငံများမှ အကူအညီရရှိရေး ကြိုးပမ်းလုပ်ဆောင်နေကြောင်း CDM တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်တို့ထံက သိရသည်။
စစ်ကောင်စီသည် ယခုရက်အတွင်းက (၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံကို နေပြည်တော်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး တက်ရောက်လာသော အာဆီယံရဲအဖွဲ့ဝင် နိုင်ငံအချို့ကို စစ်ခေါင်း ဆောင်က တွေ့ဆုံ၍ ရဲတပ်ဖွဲ့ဝင်များ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
“အာဆီယံ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီးတော့ သူတို့ဆီက အဓိကအကူအညီ လိုချင်တာပေါ့။ အခု တော်တော်များများက လက်နက်ချရင် ရဲစခန်းတွေ များလာတယ်။ ပြီးရင် ရဲစခန်းတွေကို တည်ကြက် လုပ်လာတယ်။ အဲတော့ အောက်ခြေရဲတပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်တွေက ပိုပြီးတော့ ပျက်ပြားလာတာယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ကြောင့် စစ်ခေါင်းဆောင်သည် ၎င်းတို့ ထောက်ပံ့ပေးနိုင်မှုများ နည်းပါးလာသည့်အတွက် နိုင်ငံတကာမှ သင်တန်းများအပြင် အကူအညီများ ရရှိအောင် လုပ်ဆောင်ခြင်း ဖြစ်သော်လည်း လက်ရှိအခြေအနေအရ ထိုအရာသည် ဟန်ပြသဘော ဖြစ်နေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ရဲတပ်ဖွဲ့ဝင်များသည် ပြည်တွင်းလုံခြုံရေးကို အဓိကတာဝန်ယူရသည့် အဖွဲ့အစည်းဖြစ်၍ အလွန်ကျယ်ပြန့်ကာ အရေးကြီးပြီး နိုင်ငံအလိုက် ပူးပေါင်းတိုက်ဖျက်ရမည့် နယ်စပ်ဖြတ်ကျော် မှုခင်းများအား အတူတကွ ပူးပေါင်းတိုက်ဖျက်ရန် လိုအပ်သည်ဟု ပြောဆိုကြောင်း သိရသည်။
ယင်းအပြင် နိုင်ငံအလိုက် ရဲတပ်ဖွဲ့ဝင်များအချင်းချင်း အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားခြင်း၊ လက်နက်ခဲယမ်းများ မှောင်ခိုရောင်းချခြင်း၊ အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်ခြင်းတို့ကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းနိုင်မည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။
စစ်ကောင်စီသည် လက်အောက်ခံ ရဲတပ်ဖွဲ့များကို နှိမ့်ချဆက်ဆံမှုသည် အာဏာသိမ်းပြီးနောက် ပိုမိုဆိုးဝါးလာပြီး ၎င်းတို့အာဏာ တည်မြဲရေးအတွက် အသုံးချကာ ပြည်သူအား အကြမ်းဖက်နှိမ်နှင်း ဖြိုခွင်းခိုင်းခြင်း၊မတရားသဖြင့် ဖမ်းဆီးသတ်ဖြတ်ခိုင်းခြင်းနှင့် ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ခြင်းတို့ကို လုပ်ဆောင်နေကြောင်း သိရသည်။
“သူတို့အတွက် အထောက်အကူဖြစ်လို့ ရဲတပ်ဖွဲ့ကို ရှေ့တန်းတင်တာ ဖြစ်လိမ့်မယ်။ တကယ်တမ်းက ရဲတပ်ဖွဲ့က သူတို့ အနင်းခံပဲ။ လက်တွေ့မှာ ဘာမှဖြစ်မလာဘူး။ သူတို့ အပြကောင်းအောင် ဒါကို သံခင်းတမန်ခင်း အစည်းအဝေးတွေ လုပ်တဲ့သဘောပါပဲ” ဟု လုပ်သက် ၂၂ နှစ်ရှိ CDM ရဲတပ်ကြပ် သန်းထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ၎င်းတို့ လက်အောက်ခံ ရဲတပ်ဖွဲ့ကို လက်ကိုင်တုတ်အဖြစ် အသုံးချ၍ အမိန့်နာခံ ခိုင်းကောင်းအောင် ဆုတံဆိပ်များ ပေးအပ်ခဲ့သလို သေဆုံးသူများနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း စွန့်လွှတ်ရသူများကိုလည်း ဂုဏ်ယူလေးစားကြောင်း မြှောက်ပင့် ပြောဆိုလျှက်ရှိသည်။
ဓာတ်ပုံ – စစ်ကောင်စီ
#စစ်ခေါင်းဆောင် #စိတ်ဓာတ်ပျက်ပြား #ရဲတပ်ဖွဲ့ #အာဆီယံအကူအညီ #Ayeyarwaddy_Times