ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၆ ရက်

စစ်ကောင်စီက ကုန်စည်ဈေးနှုန်းများကို ထိန်းချုပ်လျက်ရှိသည်ဟုဆိုကာ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်း ဈေးသတ်မှတ်ရေးကော်မတီဖွဲ့စည်း၍ ရွှေကိုအရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်လိုက်ပြီး ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေရန် သိုလှောင်ခြင်းနှင့်ရောင်းဝယ်ခြင်းမပြုရန် တားမြစ်ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)အရ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြောင်း ယမန်နေ့ အောက်တိုဘာ ၂၅ ရက် တွင် ကြေညာခဲ့သည်။

ထို့ပြင် စံချိန်မီရွှေ၊ ရွှေ၊ ရွှေကြမ်း၊ လက်ဝတ်ရတနာ၊ ရွှေနှင့် ရွှေကြမ်းဖြင့်ပြုလုပ်သော အနုပညာ ပစ္စည်းများနှင့် အသုံး အဆောင်ပစ္စည်းများကို ရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် ရောင်းဝယ်ခြင်းမပြုရဟု တားမြစ်ထားသည်။

“ စစ်ကောင်စီ ထုတ်ပြန်ချက်အရတော့ လိုင်စင်မရှိဘဲ ရွှေအရောင်းအဝယ်လုပ်လို့မရဘူး။ ရောင်းတာနဲ့ ဝယ်တာမှတ်တမ်းထားရမယ်။ မှတ်ပုံရော နေရပ်လိပ်စာတွေရောဖြည့်ရမယ်။ အခုတောင်ငွေလိုလို့ ရွှေပြန်ရောင်းရင် ခက်တာမျိုးစုံ ကြုံရတယ်။ ရွှေဆိုင်တွေမှာပေါက်ဈေးအတိုင်းမရဘူး။ နောက်ပိုင်း ရွှေဝယ်ပြီး ငွေပြန်ဖော်ဖို့ခက်လာမယ်” ဟု ရွှေဈေးကွက်နားလည်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယင်းပြင်စံချိန်မီရွှေရောင်းဝယ်ခြင်း၊ လုပ်ငန်းလိုင်စင်မပါဘဲရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်း မပြုရ၊ လိုင်စင်ရှိထားသူများ မရိုးမဖြောင့်ရည်ရွယ်ချက်ဖြင့် ကံစမ်းမဲများပေး၍ ရွှေဈေးနှုန်းတက်နိုင်ရန် မပြုလုပ်ရဟု ထပ်မံတားမြစ်ထားသည်။

ဓာတ်သတ္တု ( ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီကို အောက်တိုဘာ ၂၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီ၏ သယံဇာတနှင့်သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူက ဥက္ကဌ အဖြစ်တာဝန်ယူ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌက ဒုတိယဥက္ကဋ္ဌ အဖြစ်ပါဝင်ကာ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များက အဖွဲ့ဝင်အဖြစ်ပါဝင်ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ကမ္ဘာရွှေဈေးနှုန်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းအပါအဝင် ပြည်တွင်းရွှေဈေးကွက် အခြေအနေကိုတို့ကိုအခြေခံပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ထုတ်ပြန်သည့် ငွေလဲလှယ်နှုန်း ဖြင့်တွက်ချက်ပြီး ရွှေရည်ညွှန်းဈေးကို နေ့စဉ်ထုတ်ပြန်မည်ဖြစ် ကြောင်းသိရသည်။

အဆိုပါရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းမပြုပါက ထောင်ဒဏ် ၆ လမှ အများဆုံး ထောင်ဒဏ် ၃ နှစ်အထိချမှတ်ခံရပြီး ကျပ် ငါးသိန်းထက်မပိုသောငွေဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်းပါဝင်သည်။

လက်ရှိရက်ပိုင်းအတွင်း ပြည်တွင်းရွှေဈေးနှုန်းပြန်လည်မြင့်တက်လာကာ ပြင်ပပေါက်ဈေးတွင် အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၅ သိန်းကျော်ရှိပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းသတ်မှတ်ဈေးတွင် ကျပ် ၅၆ သိန်းကျော်ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။

“ကမ္ဘာ့ရွှေဈေးတက်တော့ ပြည်တွင်းရွှေလည်းနည်းနည်တက်လာတယ်။ စစ်ကောင်စီဖွဲ့တဲ့ကော် မတီက ရွှေဈေးကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်နိုင်ပါ့မလား။ သူတို့သတ်မှတ်တဲ့ဈေးအတိုင်း ရောင်းဖို့လည်းလိုတယ်။ အခုက ကျပ်ငွေမကိုင်ရဲတော့ ရွှေပဲဝယ်နေကြတာ” ဟု ရွှေဈေးကွက် နားလည်သူက ဆိုသည်။

ဓာတ်ပုံ – နန်းဘုံရှင်ရွှေဆိုင်
#စစ်ကောင်စီရွှေဈေးကြီးကြပ် #နေ့စဉ်ရွှေဈေးနှုန်းထုတ်ပြန်မည် #လိုင်စင်မရှိဘဲရွှေရောင်းဝယ်မပြုရ
#Ayeyarwaddy_Times