
ကိုကိုလေး/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၆ ရက်
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှ ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခံလိုက်ရသည့် ပြည်သူ့စစ်မှုထမ်းများ တိုက်ပွဲအတွင်း ပြင်းထန်သည့် ဒဏ်ရာများရရှိ၍ ဆေးကုသမှု ခံယူနေရကြောင်း မိသားစုဝင်များထံက သိရှိရသည်။
ဒဏ်ရာများရရှိထားသည့် ပြည်သူ့စစ်မှုထမ်းအချို့ကို ရန်ကုန်မြို့သို့ အောက်တိုဘာလ ဒုတိယပတ်ကပို့ဆောင်ခဲ့ပြီး လက်ရှိ မင်္ဂလာဒုံ ကုတင်(၁၀၀၀) စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း မိသားစုနှင့် နီးစပ်သူကပြောသည်။
“သိပ်မကြာသေးဘူး သူတို့တွေကို ဂွဘက်ပို့လိုက်တာ၊ မြို့ပေါ်ကတော့မဟုတ်ဘူး၊ ကျုံပျော်မြို့ ရပ်ကျေးနယ်ဘက်က ကလေးတွေပါ။ ပြင်းထန်တဲ့ ဒဏ်ရာရရှိထားတာ လေးငါးယောက်လောက်ရှိတယ်” ဟု ကျုံပျော်မြို့ ခြေလျင်တပ်ရင်း ခလရ (၃၆)နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းများမှာ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ တန်းမြင့်လေ့ကျင့်ရေးကျောင်း အမှတ် (၅)မှသင်တန်းဆင်း၍ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်သို့ စက်တင်ဘာလ ပထမပတ်က ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ကဆိုသည်။
ဒဏ်ရာများရရှိထားသည့် ပြည်သူ့စစ်မှုထမ်းများက်ို စစ်ကောင်စီက မင်္ဂလာဒုံ ကုတင်(၁၀၀၀)စစ်ဆေးရုံတွင် အခမဲ့ဆေးကုသခွင့်ပေးသည်ဟု ပြောဆိုထားသော်လည်း ဆေးဖိုးဟုဆိုကာ ငွေများတောင်းယူနေသည်ဟု မိသားစုနှင့်နီးစပ်သူများက ဆိုသည်။
ဧရာဝတီတိုင်းရှိ ပြည်သူ့စစ်မှုထမ်းများမှာ အမှတ်စဥ် (၁) မှစတင်၍ ရခိုင်ပြည်နယ်အတွင်း တပ်အင်အားချိနဲ့နေသည် စစ်ကောင်စီတပ်ထံ အများဆုံးပို့ဆောင်ခံနေရပြီး ထိခိုက်သေဆုံးမှုများလည်း များပြားလျှက်ရှိနေကြောင်း စုံစမ်းသိရှိရသည်။
လက်ရှိတွင် ဂွမြို့နှင့်အနီးတစ်ဝိုက်တွင် အာရက္ခတပ်တော် AAနှင့် စစ်ကောင်စီတပ်တို့ အဆက်မပြတ် တိုက်ပွဲဖြစ်ပွါးနေသည့်အတွက် ဂွမြို့ခံများမှာ ဧရာဝတီတိုင်းရှိ ရေကြည်၊ ကျုံပျော်၊ ငါးသိုင်းချောင်း၊ အထောင်၊ ရှားခဲ၊ သာပေါင်းတို့ကို ပြောင်းရွေ့လာကြကြောင်း ဒေသခံများထံကသ်ိရသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-ဂွမြို့နယ်သို့ပိုဆောင်ခံရသည့် ပြည်သူ့စစ်မှုထမ်းများ
#ကျုံပျော် #ဂွမြို့ #ပို့ဆောင်ခံရ #ပြည်သူ့စစ်မှုထမ်း #တိုက်ပွဲအတွင်း #ပြင်းထန်သည့် #ဒဏ်ရာများရရှိ #ဆေးကုသမှုခံယူနေရ #Ayeyarwaddy_Times