ဟန်နွေသစ်/ဧရာ၀တီတိုင်းမ်
အောက်တိုဘာ ၂၆ ရက်
အိမ်တစ်ခုလုံးကို အုန်းသား အများစုဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည့် နေအိမ်ပေါ်တွင် မခင်အေး တစ်ယောက်ထိုင်နေသည်။
မခင်အေး၏ အနားတွင် စားပွဲဝိုင်းတစ်ခုရှိသည်။ ထိုစားပွဲဝိုင်းတစ်ခုပေါ်တွင် အသုံးတော်ခံကွမ်းအစ် တစ်ခုရှိ သည်။ ရေနွေးဓာတ်ဘူးနှင့် အကြမ်းပန်းကန်လုံးများထည့်ထားသော လင်ဗန်းလည်းရှိနေသည်။ မခင်အေး၏ အနားတွင်မူ ကြောင်ကလေးနှစ်ကောင်က ပွတ်သပ်လျှက်ရှိသည်။
တော့ဓလေ့အတိုင်း အေးချမ်းသည့် အသွင်နှင့်မြင်ကွင်းကို တွေ့မြင်ရသော်လည်း မခင်အေးကမူ စိုးရိမ်ပူပင်စိတ်ဖြင့် ဖွင့်ဟ စကားဆိုသည်။
“ စပါးစိုက်ဖို့ ပျိုးပင်တွေရနေပြီ။ ကောက်စိုက်သမ မရှိလို့ ဘယ်အချိန်ပျိုးချရမလဲမသိတော့ဘူး”
မခင်အေးသည် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ မိချောင်းသိုက်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး မိုးစပါးရာသီတွင် စပါးစိုက်ပျိုးရန်အတွက် လုံးပန်းပြင်ဆင်နေရချိန်ဖြစ်သည်။
မိုးရာသီကာလသည် စိုက်ပျိုးရေးရာသီဖြစ်၍ မခင်အေးတို့ကဲ့သို့ လယ်ယာတောင်သူများအလုပ်များချိန် ဖြစ်သော်လည်း စိုက်ပျိုးထုတ်လုပ်မည့်သူများ တစ်နှစ်ထက်တစ်နှစ် ပို၍ရှားပါးလာသည်ကို မခင်အေး သတိပြုမိသည်။
၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် လယ်ယာလုပ်ငန်းခွင်တွင်ရှိသော ကောက်စိုက်သမများအပါအဝင် လယ်ယာလုပ်သားများက ရေကြည်ရာမြက်နုရာ နေရာများသို့ ထွက်ခွာလာကြသလို အချို့က နိုင်ငံရပ်ခြားသို့ ရွှေ့ပြောင်းလုပ်သားများအဖြစ် ပြောင်းရွေ့ လုပ်ကိုင် လာကြသည်။
လူငယ်လူရွယ်အမျိုးသမီး၊ အမျိုးသားများ ပြည်ပနိုင်ငံကို ထွက်ကုန်ကြပြီဖြစ်၍ စိုက်ပျိုးရေးကဏ္ဍတွင် လုပ်သားရှားပါးမှုကို ကြုံတွေ့နေရသည်။ ထို့သို့ လုပ်သားရှားပါးမှုအပြင် သဘာ၀ဘေးအန္တရာယ်ထဲက အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည့် ရာသီဥတု ဖောက်ပြန်မှုကလည်း စိုက်ပျိုးရေးလုပ်ငန်းတွင် နှစ်စဉ် ပျက်စီးဆုံးရှုံးရမှုများဖြစ်ပေါ်နေရသည်။
မခင်အေးတို့လို စစ်မက်ဖြစ်ပွားခြင်းမရှိသေးသည့် ဒေသတွင်ပင် စိုက်ပျိုးရေးအတွက် ထုတ်လုပ်နိုင်မှု လျော့ကျလာနေပြီး စားနပ်ရိက္ခာဖူလှုံရေးကိုပါ တစ်စထက်တစ်စ ခြိမ်းခြောက်လာနေကာ လက်ရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် လယ်ယာလုပ်သားရှားပါးမှုကို ကိုယ်တိုင် ကြုံတွေ့ နေရပြီ ဖြစ်သည်။
ကောက်စိုက်သမနှင့်လယ်ယာလုပ်သားများရှားပါး
စိုက်ပျိုးရေးရာသီစတင်ကတည်းက အလုပ်သမား ကောက်စိုက်သမရှားပါးကာ အလုပ်လုပ်ကိုင်နိုင် သူနည်းပါးလာသဖြင့် ပျိုးစပါးများသက်တမ်းရင့်ပြီး စပါးစိုက်ပျိုးရေးအတွက် ခက်ခဲခဲ့ကြောင်း မခင်အေးက ဆိုသည်။
“ ပျိုးရင့်သွားရင်မစိုက်ချင်ကြဘူး။ သူတို့ (ကောက်စိုက်သမား) ကိုယ်တိုင်က အီနေတော့ လုပ်ကွက် မတွင်ဘူး။ ပျိုးပင်နုရင် သူတို့က လုစိုက်ချင်တာမျိုးရှိတယ်။ ပျိုးပင်တွေ မြေကြီးထဲ ထိုးစိုက်ရတာကိုး။ ပျိုးအရင့်ခံလို့မရဘူး။ အခု ပျိုးသက်တမ်းရင့်သွားတာကလည်း အလုပ်သမားမရတဲ့ အခက်အခဲကြောင့် သက်တမ်း ရင့်သွားတာ” ဟု မခင်အေးက ပြောသည်။
တိုးတက်လာသည့် အခြေခံကုန်ဈေးနှုန်းများကြောင့် ကောက်စိုက်သူအများစုက ငွေကြေးပုံမှန် ရရှိသည့် လက်ခစားစနစ်ဖြင့်သာ အလုပ်လုပ်ကိုင်လိုကြသည်။ ခေတ်နှင့်အညီ ကောက်စိုက်ခ ဈေးတက်သည်။ တစ်ဦးလျှင်ကျပ် ၆၀၀၀ မှ ၈၀၀၀ ကျပ်၊ ထို့မှ ၁၀၀၀၀ ကျပ်အထိပေးရသည်။ အထွေထွေကုန်ဈေးနှုန်းက သုံးဆ အထိမြင့်တက်လာသော်လည်း လုပ်ခလစာများက လုံလောက်စွာ မရရှိပေ။
စိုက်ပျိုးရေးအတွက် ပျိူးစပါးမှအစ ထွန်ယက်ခြင်းအပါအဝင် သွင်းကုန်အင်းအားစု ဓာတ်မြေဩဇာဈေးနှုန်း၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဈေးနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများ၊ ချေးငွေအတိုးနှုန်းများမြင့်တက်သဖြင့် တစ်ဖက်တွင် လယ်ပိုင်ရှင်များအတွက်ကုန်ကျစရိတ်ပိုများစေသည်။
အလုပ်သမားရှားပါးသည့်အပြင် ကုန်ကျစရိတ်မြင့်တက်သဖြင့် လယ်ယာပိုင်ရှင်များ အချင်းချင်းက လက်စားစနစ်ဖြင့် ကူညီစိုက်ပျိုးမှုများရှိကြောင်း လယ်သမားများထံက သိရသည်။
“ (လက်စားစနစ်က) လယ်သမားငါးဦးရှိတယ်။ သူ့မှာစိုက်မဲ့အလုပ်သမားနှစ်ယောက်ရှိတယ်။ သူတို့ စိုက်ချိန်ဆိုရင် ကိုယ်ကူစိုက်လိုက်တယ်။ ကိုယ့်လယ်စိုက်ချိန်ဆို သူတို့ အကုန်ကူစိုက်တယ်။ သူတို့ လယ်စိုက်ပြီးရင် ကိုယ့်လယ်ပြန်စိုက်မျိုးပဲ။ သူ့အလှည့်နဲ့ ကိုယ့်အလှည့်ပေါ့။ ကိုယ်နဲ့ သူနဲ့ ရက်ခွာ စိုက်ရတာပေါ့။ ကိုယ့်အလုပ်လည်းပြီးသွားမယ်။ သူ့ဆီလည်း စိုက်ပျိုးပြီးသွားတယ်” ဟု လယ် ၆ ဧကပိုင်ရှင် မခင်အေးက ဆက်လက်ပြောကြားသည်။
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းတွင် လက်ရှိအထွေထွေကုန် ဈေးနှုန်းကြီးမြင့်မှုနှင့် လုပ်သား အင်အားရှားပါးမှုကြောင့် ကျောင်းမတတ်နိုင်သည့် ဆယ်ကျော်သက်အရွယ်ကလေးများပင်လယ်ယာ လုပ်ငန်းခွင်ထဲ ရောက်ရှိလာသည်။
“ လူမရှိတော့ဘူးပေါ့။ လက်စားလိုက်တယ်ခေါ်တယ်။ လယ်ပိုင်ရှင်တွေပဲ သူတို့ မိန်းမတွေ ကလေး တွေပေါ့။ ကိုယ်အားနေတုန်း သူများဆီမှာ ကူလုပ်ပေးထားလိုက်တယ်။ အဲဒီရက်အတွက်အတိုင်း လူပြန်ပေးတယ်။ အစားလိုက်နိုင်တာမရှိရင် ငွေနဲ့ပဲငှားရတယ်” ဟု ပုသိမ်မြို့ခံ လယ်စိုက်တောင်သူ ဦးထွန်းက ပြောကြားသည်။
စစ်မှုထမ်းဥဒေကြောင့်ရှားပါးလာသောလုပ်သားအင်အားများ
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်အာဏာသိမ်းမှုသက်တမ်း လေးနှစ်နီးပါး ရှိလာပြီသလို ၎င်း၏ အာဏာရှင်စနစ်တည်မြဲရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်း လိုက်သည်မှာပင် ရှစ်လကျော်ကြာမြင့်လာပြီဖြစ်သည်။
၂၀၂၄ ဖေဖော်ဝါရီတွင် အတည်ပြုခဲ့သည့် စစ်ခေါင်းဆောင်၏ စစ်မှုထမ်းဥပဒေကြောင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသား လူငယ်များ စစ်မှုထမ်းနေရသည်မှာ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) သို့ပင် ရောက်ရှိလာပြီဖြစ်သည်။
စစ်ကောင်စီ၏ စစ်မှုထမ်းစုဆောင်းခံရသူ ၂၀၀၀၀ ကျော်ရှိနေပြီး ရှေ့တန်းစေလွှတ်ခံရသည့် သင်တန်းဆင်းများတွင် သေဆုံးမှုရှိနေကြောင်း Burma Affairs & Conflict Study-BACS ၏ ယခု အောက်တိုဘာလ အစီရင်ခံစာတွင် ဖော်ပြထားသည်။
စစ်ခေါင်းဆောင်က စစ်မှုထမ်းဆောင်ရန် ပြဌာန်းလိုက်သည့် ကာလအတွင်း အလုပ်လုပ်ကိုင်နိုင်သော လူငယ်များစွာ၏ လုပ်သားအရင်းအနှီးများ ပြည်ပနိုင်ငံများထံ စိမ့်ဝင်သွားပြီဖြစ်သည်။
ကောက်ပဲသီးနှံစိုက်ပျိုးခြင်း၊ ထွန်ယက်စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းအတွက် မရှိမဖြစ်လိုအပ်သော လုပ်သားအင်အား၏ အရေးပါသော အစိတ်အပိုင်းသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ကျေးလက်ဒေသများမှ လူငယ်အများအပြားကို လုပ်ငန်းခွင်များမှာ ပျောက်ကွယ်စေခဲ့သည်။
လယ်ယာစိုက်ပျိုးရေးမှစတင်၍ ကုန်ထုတ်လုပ်မှု၊ နည်းပညာ ကျွမ်းကျင်သူများအထိ ဦးနှောက်ယိုစီးမှု ဖြစ်ပေါ်လာစေခဲ့ပြီဖြစ်သည်။
လယ်သမားမိသားစုများ ဆက်တိုက်ထွက်ပြေးလာမှုနှင့် ဒေသတွင်းဈေးကွက်များ ပြတ်တောက်၊ ပြတ်လပ်မှုများကြောင့် မြန်မာနိုင်ငံရှိ လူပေါင်း ၁၃ ဒသမ ၃ သန်းခန့်သည် စားနပ်ရိက္ခာမလုံခြုံမှုနှင့် ကြုံတွေ့နိုင်ကြောင်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၊ ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့်စားနပ်ရိ က္ခာအဖွဲ့ (FAO) တို့က ဇွန် ၅ ရက်နေ့က ပူးတွဲအစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ငယ်ရွယ်သော လူငယ်အမျိုးသားများကို စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရန် မကြာခဏ ဖြည့်ပေးရသောကြောင့် ထွက်ပြေးတိမ်းရှောင်မှုများရှိလာပြီး ကျန်ရှိနေသေးသည့် အမျိုးသားအများစုသည်လည်း ဆိုင်ကယ်တစ်စီးဖြင့် တစ်ရွာဝင်တစ်ရွာထွက်ကာ အထည်အလိပ်ရောင်းကြသည်။ ရွာနှင့်မြို့ပတ် ဝန်းကျင်၊ ဟိုနား ဒီနား စသည်ဖြင့် ဆိုင်ကယ်ကယ်ရီ မောင်းကြသည်။
အမျိုးသမီးများသည်လည်း အထည်ချုပ်စက်ရုံများတွင် ဝင်ရောက် လုပ်ကိုင်ကြပြီး တစ်ရပ်တစ်ကျေးတွင် အလုပ်သွားရောက် လုပ်ကိုင်သူများပါရှိလာသည်။
“ တော်တော်တောကျတဲ့နေရာ ချောင်ကလောင်ကလူကို ပြန်ခေါ်ခိုင်းရတယ်။ အခုလည်း စစ်မှုထမ်း ဥပဒေနဲ့ ပိုဆိုးတယ်။ အကုန်ထွက်ကုန်ပြီ။ အခုတောင်လယ်ယာလုပ်သားတွေထဲမှာ အိုနာကျိုးကန်းနဲ့ အိမ်ထောင်သည်တွေ၊ မိသားစုရှိသူတွေနဲ့ မရွေ့မပြောင်းနိုင်သူဘဲရှိတော့တယ်” ဟု ဆန်ကုန်သည်လည်း ဖြစ်သူ တောင်သူဦးကြီး ဦးထွန်းက ဆိုသည်။
ထိုသို့ လယ်ယာလုပ်သားရှားပါးသော အခြေအနေကြောင့် စိုက်ပျိုးရေးသုံးစက်ပစ္စည်းများသုံးစွဲနိုင်ရန် ပြင်ဆင်ရပြီး စက်ပိုင်မရှိသဖြင့် စိုက်ပျိုးရေးသုံးစက် ပစ္စည်းသုံးစွဲရန်အတွက် ငှားရမ်းခ၊ စက်သုံးဆီ အခက်အခဲနှင့် နည်းပညာအခက်အခဲများလည်း ရှိကြောင်း တောင်သူများထံက သိရသည်။
လက်ရှိလယ်ယာလုပ်သားရှားပါးချိန်တွင် အချို့နေရာများတွင် စက်ကရိယာအသုံးပြုနိုင်သော်လည်း အသုံးစရိတ် ပိုတက်ကာ စက်သုံးဆီကို ခက်ခဲစွာဝယ်ယူရသည်။
လယ်ယာသုံးစက်ပစ္စည်းသုံးစွဲ တတ်သော်လည်း ပြုပြင်ထိန်းသိမ်းခများကကြီးမြင့်နေပြီး လယ်ယာသုံး စက်ကရိယာများက နေရာတိုင်းတွင် အဆင်မပြေ။ စက်လမ်းမပေါက်နိုင် သည့်နေရာများတွင် လယ်လုပ် သားကိုသာရှာဖွေအပ်နှံရသည်။
“ လူငှားတဲ့အခါ တချို့ကပိုက်ဆံလိုချင်လို့ လယ်စိုက်ချင်သူရှိတယ်။ ဒါပေမဲ့လက်စား အကြွေး ကျန်သေးတော့ အကြွေးဆပ်ရတာနဲ့ အခြားနေရာကိုလက်ခစားမသွားနိုင်ပြန်ဘူး။ မြန်မြန်လိုချင် လူချရတယ်။ စက်နဲ့လူနဲ့ရောသုံးရတယ်” ဟု ပုသိမ်မြို့ခံတောင်သူ ဦးထွန်းက ပြောကြားသည်။
ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍာတွင် ကောက်စိုက်သမနှင့် လယ်လုပ်သားများမှာ မရှိမဖြစ် လိုအပ်နေဆဲကွက်လပ်ကြီးဖြစ်လာပြီး ကြာရှည်လာသည်အမျှ အဆိုပါအကျိုးဆက်ကို ခါးသီးစွာ ရင်ဆိုင်ရတော့မည်ဖြစ်သည်။
ပြင်ပမှငွေချေးနေရသူ၈၀ရာခိုင်နှုန်း
မည်သည့်လုပ်ငန်းမဆို ငွေကြေးရင်းနှီးမြုပ်နှံနိုင်ရန်လိုအပ်သည်။ ထို့အတူ တောင်သူလယ်သမားများသည်လည်း စိုက်ပျိုး ရေးရာသီတွင် ငွေကြေးအရင်းနှီးကို စပါးရောင်း၊ ရွှေပေါင်ဖြင့် စိုက်စရိတ်ရှာရသည်။ အထွေထွေ ကုန်ဈေးနှုန်းတက်နေချိန်တွင် စစ်ကောင်စီက ထုတ်ချေးသည့် အမတော်ကြေး တစ်ဧက ကျပ်တစ်သိန်းခွဲသည် လုံလောက်မှုမရှိသည့်အပြင် အမတော်ကြေးထုတ်ပေးလာမည့် ဘဏ်ထုတ်ပေးချိန် ကိုစောင့်ရ၍ လိုအပ်သည့်အချိန်တွင် မရရှိပေ။
ထို့ကြောင့် လယ်သမား ၈၀ ရာခိုင်နှုန်းက ပြင်ပအကြွေးရှင်များထံချေးငှားကာ မှီခိုအားထားရသည်။ အကြွေးရှင်များက အတိုးနှုန်း ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိသတ်မှတ်ကာ လယ်သမားများကို ထုတ်ချေးငှားကြသည်။
“ လယ်သမား ၈၀ ရာခိုင်နှုန်းကတော့ အပြင်မှာပဲချေးရတာပဲ။ ကျေးရွာမှာ ပိုက်ဆံရှိတဲ့ သူဆီကနေ ချေးရတယ်။ တချို့ကျတော့ ၁၀ တိုး ၅ ကျပ်တိုး။ အပြင်လူက သူ့အတိုးနဲ့သူတောင်းမှာပဲ။ ငွေက လုံးဝချေးမရလို့ဆိုပြီး ငုတ်တုတ်ထိုင် နေသူမရှိဘူး။ ငွေသမားက အဆက်အသွယ်ပေါ့။ အချိန်တန် ပိုက်ဆံချေးပေးဖို့ အိမ်ထိရောက်လာတာ” ဟု ပုသိမ်မြို့ခံတောင်သူ ဦးထွန်းက ပြောကြားသည်။
စစ်ကောင်စီက မိုးရာသီလယ်စိုက်ရန် အမတော်ကြေး ထုတ်ချေးပေးရာတွင် တစ်ဧက တစ်သိန်းခွဲ နှုန်းသတ်မှတ်ထား သော်လည်း ၁၀ ဧက ပိုင်ဆိုင်မှု အထိသာအများဆုံးသက်မှတ်၍ ၁၅ သိန်းအထိသာ ထုတ်ချေးသည်။ ဆောင်းသီးနှံ အတွက် စိုက်ပျိုး မည်ဆိုပါက အမတော်ကြေးမှာ ယင်းတစ်ဝက်ဖြစ်သည့် တစ်ဧက ၇၅၀၀၀ ကျပ်သာ ချေးငွေပေးကြောင်း ဧရာ၀တီတိုင်းရှိ တောင်သူများထံက သိရသည်။
စစ်ကောင်စီက အမတော်ကြေးပေးရာတွင် ယခင် အမတော်ကြေးဆပ်နိုင်သည့် အကြွေးကျေသောရွာကို ဦးစွာထုတ်ချေးပေးပြီးမှ ကျန်ကျေးရွာအလိုက် အလှည့် ကျထုတ်ပေးသဖြင့် ပိုက်ဆံရရှိရန် စောင့်ဆိုင်းရသည်။
လယ်သမားများမှာ လုပ်ငန်းခွင်ဝင်ရန် သူ့အချိန်နှင့်သူတွက်ချက်ရသည့်အတွက် အချိန်နောက်ကျ၍ မဖြစ်သောကြောင့် လက်ထဲငွေပိုမရှိသော လယ်သမားသည် အကြွေးပေးသူများထံတွင် ငွေယူရသည်မှာ ဓမ္မတာလိုပင် ဖြစ်နေပြီဖြစ်သည်။
“ (စစ်ကောင်စီ) အမတော်ကြေးက လိုချင်တဲ့ အချိန်မရဘူး။ အချို့တွေက ငွေကြေးကျပ်တည်းတော့ ပထမနှစ်က အကြွေးကို ပြန်မပေးနိုင်ဘူး။ ပြန်မပေးနိုင်တော့ နောက်ထပ်ဒီနှစ်ထုတ်လို့ရမဘူး။ ကြွေးကျန် အဖြစ်ပြပြီးတော့ အပြင်မှာပဲရှာရတာပဲ။ အပြင်မှာပဲရှာရရင် ငွေကြေးအတိုးနှုန်းမြင့်တယ် ” ဟု ဦးထွန်းက ပြောကြားသည်။
စစ်ကောင်စီ၏ဆန်စပါးမူဝါဒအပြောင်းအလဲ
စစ်တပ်အာဏာသိမ်းထားသော ကာလအတွင်း အထွေထွေကုန်ဈေးနှုန်းက အချိန်နှင့် အမျှ မြင့်တက်လျက်ရှိသည်။ စစ်ကောင်စီသည် ထိုသို့ ကုန်စျေးနှုန်းမြင့်တက်မှုကို ကုစားရန်ဟု အကြောင်းပြကာ ယခုနှစ် ဇူလိုင်မှစတင်၍ ဆန်စပါးဈေးနှုန်းများကိုဈေးသတ်မှတ်လိုက်သည်။ မိုးရာသီ ကာလစိုက်ပျိုးရေး ရာသီအစတွင် ယင်းကဲ့သို့သတ်မှတ်လိုက်ခြင်းသည်လယ်သမားများ အတွက် အခက်ကြုံစေသည်။
စစ်ကောင်စီသည် ယခုနှစ်ဇူလိုင်လမှစတင်ကာ ဆန်ဈေးသတ်မှတ်ပြီးနောက် လစဉ်လတိုင်းဈေးနှုန်း သတ်မှတ်ချက် အတိုင်းရောင်းချခိုင်းကာ လစဉ်ဈေးနှုန်းသတ်မှတ်ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ထုတ်ပြန်သည်။
ဆန်အမျိုးအစားအလိုက်သတ်မှတ်ဈေးဖြင့် မရောင်းနိုင်ပါက ဆန်ချောဆိုလျှင် ဆန်ကြမ်း၊ ဆန်ကြမ်း ဆိုပါက ဇကွဲရောကြပြီး အချို့ဆန်စက်ပိုင်က ဇကာပေါက်ပိတ်၍ ဆန်ကြိတ်ကြကြောင်း သိရသည်။
စစ်ကောင်စီသည် ဆန်ဈေးနှုန်းထိန်းချုပ်လိုက်သော်လည်း ဆန်ဖြစ်လာရန်စိုက်ပျိုးရသည့် စပါးအတွက် လိုအပ်ချက်သွင်းအားစုများကို လိုက်ပါချပေးနိုင်ခြင်းမရှိပေ။ ဓာတ်မြေဩဇာဈေး၊ ဒီဇယ်ဈေး အလွယ် တကူရရှိ ရေးစသည်တို့ကိုပင် ထောက်ပံ့ပေးခြင်းမရှိကြောင်း လယ်သမားများထံက သိရသည်။
ကုလသမဂ္ဂ၏ မေလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ဘေးဒုက္ခသည် သုံးသန်း ကျော်ရှိနေပြီး လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူ ၁၈ ဒသမ ၆ သန်းရှိနေကြောင်း ကုလ သမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဆိုထားသည်။
စစ်ရှောင်များသည် ထိုသို့ လုံလောက်သည့် စားနပ်ရိက္ခာကို ရရှိခြင်းမရှိသည့်အခြေအနေတွင် စိုက်ပျိုး ဧရိယာ များရေလွှမ်းမိုးခံရခြင်းဖြင့် စားနပ်ရိက္ခာ မဖူလှုံမှုကို ထပ်မံဖိတ်ခေါ်လိုက်သည်။
စပါးခင်းသန်းနှင့်ချီရေနစ်မြုပ်
သဘာဝဘေးအန္တရာယ်ကို ခံစားရလေ့ရှိသောမြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းလယ်ယာ ထွက် ကုန်ကို အဓိကထုတ်လုပ်သည့်နိုင်ငံဖြစ်သည်။ မုန်တိုင်းတိုက်ခတ်ခြင်းနှင့်ရေကြီးတို့အပါအဝင် သဘာဝ ဘေးအန္တရာယ်များကြုံတွေ့ရပြီး အထိခိုက်ခံစားရဆုံးနိုင်ငံများတွင် ဒုတိယနေရာ၌ ရှိနေသည်။ ယခု ၂၀၂၄ ဩဂုတ်လနှင့် စက်တင်ဘာလမှာပင် ရေကြီး ရေလျှံမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။
သဘာဝဘေးအန္တရာယ် ရေကြီးရေလျှံမှုကြောင့် ဇူလိုင်ကနေ ဩဂုတ်လအထိ တစ်နိုင်ငံလုံးရှိ စပါးခင်းဧက တစ်သန်းကျော်ရေနစ်မြုပ်ခဲ့ရသည်။
စက်တင်ဘာလအတွင်း တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်နေသော အင်အားကောင်းပြင်းထန်သည့် တိုင်ဖွန်းမုန်တိုင်း ယာဂီအကြွင်းအကျန် လေပွေလှိုင်များက မိုးရွာသွန်းမှုပိုစေပြီး မြို့နယ်ပေါင်း ၁၁၀ မြို့နယ်နှင့် စပါးခင်းဧက သိန်းနှင့်ချီရေဖုံးလွှမ်းခံခဲ့ရပြန်သည်။
စက်တင်ဘာလအတွင်း ဒုတိယအကြိမ် ထပ်မံရေကြီးမှု ကြောင့် မိုးစပါး ဧက ခုနစ်သိန်းကျော် ထပ်မံပျက်စီးသွားသဖြင့် နှစ်ကြိမ်ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ဧက နှစ်သန်းနီးပါး ပျက်စီးဆုံးရှုံးနိုင်ကြောင်း စက်တင်ဘာ နောက်ဆုံးပတ်တွင် စစ်ကောင်စီက ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
“အခုတောင်ကုန်ဈေးနှုန်းတွေတက်နေတာ။ ရေတွေကြီးတော့ စပါးခင်းတွေပျက်စီးကုန်ပြီ။ စားနပ်ရိက္ခာ ရှားပါးတော့မှာပဲ။ စစ်ကောင်စီ ဖမ်းဆီးနေလို့ ရွာတွေမှာလည်းလူမရှိတော့ဘူး။ စိုက်မဲ့သူမရှိနဲ့။ ရွာပျက် ကြီးဖြစ်နေပြီ။ နောက်ပိုရှားပါးလာဖို့ပဲရှိတယ်” ဟု ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင်နေထိုင်သူ အငြိမ်းစားဝန်ထမ်း တောင်သူတစ်ဦးက ပြောသည်။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်အပါအဝင် ပတ်ဝန်းကျင်မြို့များရှိ မြို့ပေါ်နှင့်ကျေးရွာများအတွင် စစ်ကောင်စီက ဆိုင်ကယ်စီးသူလူငယ်များဖမ်းဆီးခြင်း၊ စစ်မှုထမ်းခိုင်းခြင်းနှင့် ခြိမ်းခြောက်မှုများကြောင့် ရွှေ့ပြောင်းနေထိုင်လာကြသဖြင့် စပါးစိုက်ပျိုးနိုင်ခြင်းမရှိကြောင်း တောင်းသူများထံက သိရသည်။
အာဟာရချို့တဲ့မှုခံစားလာရ
မြန်မာနိုင်ငံသည် ထိုသို့သော အကျပ်အတည်းများကြားတွင် စားနပ်ရိက္ခာ မလုံလောက်မှုမြင့်တက်လာပြီး စစ်ဘေးရှောင်ဒေသများအပါအဝင် ကလေးသူများတွင် အာဟာရချို့ တဲ့မှုဒဏ်များခံစားနိုင်ရကြောင်း ပြီးခဲ့သည့် ဇွန်လတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ထုတ်ပြန်ထားသည်။
ကလေးငယ်များ အာဟာရမပြည့်ဝခြင်းကြောင့် protein-energy malnutrition (PEM) ပီအီးအမ် အာဟာရမမျှတခြင်းရောဂါများကို မြန်မာနိုင်ငံရှိ ကလေးငယ်များတွင် တွေ့နေပြီး စစ်ရှောင် ဒေသများတွင် ပီအီးအမ် ရောဂါသည် ကလေးငယ်များစွာကြုံတွေ့လာနိုင်ကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာနတွင် ကျန်းမာရေးပညာပေး ဆောင်းပါးများ ရေးသားနေသူ ဒေါက်တာ မိုးသစ်နေ ထံက သိရသည်။
” အခု “ကွာရှာကော” လို့ခေါ်တဲ့ အသားဓာတ်ချို့တဲ့ ရောဂါဖြစ်လာကြပါတယ်။ ခြေထောက် လက်ထောက်ကလေးများ ပိန်လှီသွယ်နေပြီး လက်ဖမိုး ခြေဖမိုးများ ဖောရောင်အမ်း နေတတ်တယ်။ မျက်တွင်း ဟောက်ပက်နဲ့ ကြွက်သား တွေသေးညှပ်သွားပြီး ပိန်ပိန်သေးသေး ဖွံဖြိုးမှု နှေးကျန်ခဲ့ပါတော့တယ်။ အခု ကျွန်တော်ပြောပြနေတဲ့ အာဟာရချို့တဲ့ ရောဂါတွေကို မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေမှာ စတင် ခံစားနေရပြီဖြစ်ပါတယ်။ စားနပ်ရိက္ခာရှားပါးလေလေ အာဟာရချို့တဲ့ ကလေးလူနာတွေ့ရ လေလေပဲ ဖြစ်ပါတယ်” ဟု ဒေါက်တာမိုးသစ်နေက ဆိုသည်။
“ကွာရှာကော” (Kwashiorkor) သည် အသားဓာတ်ချို့တဲ့အာဟာရ မလုံလောက်မှုဒဏ်များကို ကြုံတွေ့ ရသည့်အခါတွင် ဖြစ်ပွားလေ့ရှိသည့် ပြင်းထန်သောအာဟာရချို့တဲ့မှုပုံစံဖြစ်ကြောင်း သိရသည်။ အစာရှားပါးမှုနှင့် ဆင်းရဲမွဲတေမှုကန့်သတ်ထားသော ဒေသများရှိ ကလေးငယ်များတွင် အဓိက ဖြစ်ပွားလေ့ရှိပြီး ဝမ်းဖောဝမ်းရောင်ခြင်း၊ အရေပြားများအရောင်ပြောင်းခြင်း၊ ခန္ဓကိုယ်ကြုံလှီခြင်း၊ ဆံပင်ကျွတ်ခြင်း၊ စိတ်တိုခြင်း နှင့် ကိုယ်ခံအားစနစ် အားနည်းခြင်းကြောင့် ရောဂါပိုးဝင်နိုင်ချေ ပိုမို များပြားကြောင်း သိရသည်။
မိုးကြီးသည်းထန်စွာရွာသွန်မှုကြောင့် နှစ်စဉ်စိုက်ပျိုးမြေများပျက်စီးဆုံးရှုံးရခြင်း၊ စစ်ရေး ပဋိပက္ခနယ် မြေများအတွင်း ရွှေ့ပြောင်းနေထိုင်ရခြင်း၊ လုပ်သားရှားပါးခြင်းများကြောင့် လုံလောက်သည့် စိုက်ပျိုးထုတ်လုပ်နိုင်မှုမရှိမှုဘဲ ပြည်တွင်းစားနပ်ရိက္ခာဖူလှုံမှုကို ထိခိုက်မှုများ ဖြစ်ပေါ်လာစေသည်။
ရေမကြာခဏကြီးတတ်သောနေရာများတွင် လူဦးရေ ၂၈ သန်းထက်မနည်းနေထိုင်ကြပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် လူဦးရေ ၂ ဒသမ ၆ သန်းနီးပါးက နေရပ်စွန့်ခွာခဲ့ပြီး ဆက်လက်မြင့်တက်နေကြောင်း ကုလသမဂ္ဂ(မြန်မာ) ၏ ထုတ်ပြန်ချက်အရ သိရသည်
စားနပ်ရိက္ခာလိုအပ်နေသူ ၁၃ သန်းကျော်ရှိသော်လည်း ၂ ဒသမ ၃ သန်းသာ ကူညီထောက်ပေး ရန်လျာထားပြီး ယင်းသို့ထောက်ပံ့ရန် အမေရိကန်ဒေါ်လာ ၂၈၉ သန်းလိုအပ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်အရ သိရသည်။
“ဒီအတိုင်းပဲရေရှည်ဆက်သွားနေမယ်ဆိုရင် စပါးစိုက်တဲ့သူတွေကဘယ်ဆက်လုပ်ချင်ပါ့မလဲ။ အခု ကတော့ စပါးလည်းမြို့တက်မလာဘူး။ မြို့ကနေလည်းဆင်းမဝယ်ဘူး။ ဒီဟာရှိလို့ကုန်ပြီးဆိုရင် စားနပ် ရိက္ခာရှားပါးမှုတောင်ဖြစ်နိုင်တယ်” ဟု ပုသိမ်မြို့ခံ တောင်သူ ဦးထွန်းက ဆိုသည်။
ကမ္ဘာစားနပ်ရိက္ခာနေ့ (World Food Day) ကိုနှစ်စဉ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဆောင်ပုဒ်တစ်ခု နှင့်အတူ တစ်ကမ္ဘာလုံးတွင် ကျင်းပလေ့ရှိပါသည်။
“ပိုမိုကောင်းမွန် သည့်ဘဝနှင့် အနာဂတ်ရရှိရေး လူသားတိုင်း စားရေရိက္ခာပြည့်မီအောင် ဖြည့်ဆည်းပေး” ဆိုသည့် ဆောင် ပုဒ်သည် ယခု ၂၀၂၄ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့၏ ဆောင်ပုဒ်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် အကူအညီများစွာ လိုအပ်လျှက်ရှိနေသည်။
#အာဏာသိမ်းမှုနောက်ကွယ် #အလုပ်သမားရှားပါးမှု #စားနပ်ရိက္ခာဖူလုံမှုအန္တရာယ် #သတင်းဆောင်းပါး #Ayeyarwaddy_Times