ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်

ယခုရက်ပိုင်းအတွင်းမြန်မာနှင့် လာအို အလုပ်သမားစေလွှတ်ရန်သဘောတူညီပြီးနောက်တွင် မြန်မာနိုင်ငံရှိအလုပ်သမားအေဂျင်စီများက တရားဝင်အလုပ်ခေါ်စာထုတ်ပြန်လာကြောင်းသိရသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်းကျန်းမြို့တွင် အလုပ်သမားနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာန ဝန်ကြီး H.E. Mdm. Baykham KHATTIYA နှင့် စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်တို့သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်နေ့က နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

ပြင်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် ယခုအခါတွင် လာအိုနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သားများကို တရားဝင်ခေါ်ယူလျှက်ရှိသည်။

လာအိုနိုင်ငံ ဆွယ်တာအထည်ချုပ်စက်ရုံတွင် စက်ချုပ်တတ်သူ အမျိုးသမီး ၅၀ ဦးလိုအပ်နေပြီး ဗီဇာ၊ အလုပ်ပါမစ်၊ လေ ယာဉ်လက်မှတ်အပါအဝင် နေစရာနှင့် စားစရာကို ကုမ္ပဏီမှပေးမည်ဖြစ်ကာ လစာအနေဖြင့် အမေရိကန် ဒေါ်လာ၂၀၀ ကျော်ရမည်ဟု ပြင်ပအလုပ်အကိုင်အေဂျင်စီက တရားဝင်အလုပ်ခေါ်ယူလျှက်ရှိသည်။

ကုန်းတွင်းပိတ်နိုင်ငံ လာအိုတွင် ကျားဖြန့်လုပ်ငန်းများအပါအဝင် စက်ရုံလုပ်ငန်း၊ အထည်ချုပ် လုပ်ငန်းများတွင် မြန်မာအများအပြားလုပ်ကိုင်နေ ကြောင်းကို ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြလျှက်ရှိသည်။

” ရပ်ကွက်ထဲက CDM တစ်ယောက် လာအိုမှာ အလုပ်လုပ်မယ်ဆိုပြီးထွက်သွားတယ်။ အောက်လမ်း ကနေပဲ။ လာအို မရောက်ခင်မှာပဲ အလုပ်အဆင်မပြေလို့ပြန်လာတယ် ” ဟု ရန်ကုန်မြို့ခံ အမျိုးသား တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းထားမှု လေးနှစ်နီးပါးရောက်လာချိန်တွင် လူငယ်များပြင်ပထွက်ခွာမှု ပိုမို များပြားလာပြီး ထိုင်းနိုင်ငံအပါအဝင် လာအို မလေးရှား၊ စင်ကာပူ၊ ဒူဘိုင်း၊ ကူဝိတ်၊ ဂျော်ဒန်အစရှိသည့်နိုင်ငံများတွင် အလုပ်လုပ်ကိုင်လျှက်ရှိသည်။

မြန်မာနှင့်လာအို နှစ်နိုင်ငံကြား လုပ်သားရွှေ့ပြောင်းသွားလာမှု ပူးပေါင်းဆောင်ရွက်ရန် ၊ အလုပ် သမားများ၏ အထောက်အထားထုတ်ပေးနိုင်ရန်၊ နယ်စပ်ဖြတ်ကျော်ရေးကိစ္စရပ်များပူး‌ပေါင်း လုပ်ဆောင်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနထံက သိရသည်။

စစ်ကောင်စီဝန်ကြီး ဦးမြင့်နောင်သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ Alpilao International Sole Limited စက်ရုံသို့သွားရောက်၍ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့်တွေ့ဆုံပြီး အလုပ်သမား များအနေဖြင့် ပြည်ပနိုင်ငံတွင်ရရှိသည် လုပ်ခလစာ၏ အနည်းဆုံး ၂၅% ကို မိသားစုဝင်များထံသို့ တရားဝင်လမ်းကြောင်းမှပို့ရန် ပြောကြားထားသည်။

လာအိုနိုင်ငံသည် တရားမဝင်ရောက်ရှိနေသည့် မြန်မာလုပ်သားများကို ဖမ်းဆီး၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နေခြင်းကြောင့် အလုပ်လုပ်ရန်အတွက် နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် ပါမစ်လိုအပ်ကြောင်း သိရသည်။

နိုင်ငံအသီးသီး တွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းလုပ်ကိုင်နိုင်ရေး၊ လူမှုကာကွယ်စောင့်ရှောက်မှုပေးနိုင်ရေး၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့( IOM ) က ကူညီဆောင်ရွက် ပေးလျှက်ရှိသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#လာအိုနိုင်ငံတရားဝင်အလုပ်လုပ်ရန် #မြန်မာလာအို #MOUထိုး #Ayeyarwaddy_Times