ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏သားမက် ဒေါက်တာနေစိုးမောင်ကို လူမှုကွန်ရက်တွင် နိုင်ငံတော် တည်ငြိမ်ရေးနှင့် အစိုးရယန္တရားပျက်ပြားစေရန် လှုံ့ ဆော်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထားကြောင်း အောက်တိုဘာ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ရန်ကုန်၊ မရမ်းကုမ်းမြို့နယ်နေ ဒေါက်တာနေစိုးမောင် ကို အောက်တိုဘာ ၂၃ ရက်နေ့ ညနေ ၆ နာရီခွဲတွင် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထိန်းသိမ်းဖမ်းဆီးထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“အရင်ကလည်း စစ်တပ်ကောင်းကြောင်းအချို့ မကောင်းကြောင်းအချို့ကို ပါးပါးလေးပုတ်ပြီး ဟိုဘက်လိုလို ဒီဘက်လိုလိုရေးနေတာပါပဲ။ ခုမှဘာလို့ ထဖမ်းတယ်မသိဘူး။ အာဏာရှင်အချင်းချင်းတွေ ဖြစ်ကြတယ်လို့ပဲ မြင်တယ်”ဟု နိုင်ငံရေးလေ့လာသုံး သပ်သူတဦးက ဧရာဝတီတိုင်းမ်ကို မှတ်ချက်ပေးသည်။

စစ်ကောင်စီက နိုင်ငံတော်တည်ငြိမ်ရေးနှင့် အစိုးရယန္တရားပျက်ပြားအောင် လှုံ့ဆော်အားပေးကူညီသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးပုဒ်မနှင့် အီလက်ထရောနစ်ဥပဒေများဖြင့် အရေးယူမည်ဖြစ်ပြီး ဖမ်းဆီးခံရသူ၏ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း၊ မ‌ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကိုလည်း သိမ်းယူနိုင်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသည့် ဒေါက်တာနေစိုးမောင်သည် သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်တွင် မန္တလေးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် သေဆုံးမှုနှင့်ပတ်သက်ပြီး ဝမ်းနည်းကြောင်း ရေးသားခဲ့ပြီး မှတ်ချက်အချို့ရေးသားခဲ့‌သေးသည်။ ထို့အပြင် စစ်တပ်ကအာဏာသိမ်းစဉ် အစပိုင်းကလည်း လူထုဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည့်အပြင် စစ်ခေါင်းဆောင်နှင့်အပေါင်းအပါများကို ဝေဖန်သည်ဟု ယူဆနိုင်သည့် အကြောင်းအရာများကိုလည်း မကြာခဏဆိုသလို ရေးသားဖော်ပြမှုများ ပြုလုပ်ခဲ့သူ ဖြစ်သည်။

ဒေါက်တာနေစိုးမောင်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရလက်ထက် စစ်ထောက်ချုပ် တာဝန်ယူခဲ့သူဖြစ်ပြီး မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီး လုပ်ခဲ့သူ ဗိုလ်ချုပ်တင်စိန်သားဖြစ်ကာ တပ်မတော်ဆေးတပ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့ပြီး ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

စစ်ကောင်စီတပ်သည် ၎င်းတို့၏ လုပ်ရပ်များကို ဝေဖန်ထောက်ပြ ပြောဆိုသူများနှင့် လူမှုကွန်ရက်တွင် ဝမ်းနည်းကြောင်းတင်သူများကို ဖမ်းဆီးအရေးယူခဲ့ရာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကိုလည်း စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်ထားသည်။

#စစ်အာဏာရှင်ဟောင်း #ဦးသန်းရွှေ #သားမက် #ဒေါက်တာနေစိုးမောင် #စစ်ကောင်စီ #ဖမ်းဆီး
#Ayeyarwaddy_Times