
ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ အောက်တိုဘာ ၂၅ ရက်
ချင်းပြည်နယ်၊ ထန်တလန်မြို့၊ ရဲစခန်းနှင့် NLDရုံးတို့တွင်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ချင်းအမျိုးသားတပ်မတော်(CNA)မှ ဗိုလ်ကြီးမင်းထွန်းနှင့် တပ်ဖွဲ့ဝင်အချို့သည်အောက်တိုဘာ ၂၂ ရက်နေ့တွင် ကျဆုံးသွားကြောင်း ဒေသတွင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ထန်တလန်မြို့ကို သိမ်းပိုက်နိုင်ရန်အတွက် ချင်းလဲန်းအစိုးရကာကွယ်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်၍ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်၏ တပ်စခန်းအများစုကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။
ချင်းအမျိုးသားတပ်မတော်မှ ဗိုလ်ကြီးကျဆုံးမှုနှင့် ပတ်သက်၍ CNA/CNAပြောခွင့်ပုဂ္ဂိုလ်ဆလိုင်းထက်နီနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(ထန်တလန်)၏ တာဝန်ခံတို့ကို ဧရာဝတီတိုင်းမ်က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။
ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(ထန်တလန်)၏ စစ်ဦးစီးချုပ်ဆလိုင်းရမ်ဇဲလ်ကျဆုံးသွားပြီး အောက်တိုဘာလ ၁၆ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(ဇိုတုန်)၏ ဒုရင်းမှူးဆလိုင်းထွန်းမာန်နှင့် တပ်စုမှူးဆလိုင်းအားလျန်တို့လည်း ထန်တလန်မြို့ရှေ့တန်းတစ်နေရာတွင် ကျဆုံးသွားကြောင်းသိရသည်။
ချင်းလဲန်အစိုးရကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသော တပ်စခန်းများကို ပြန်လည်ရရှိနိုင်ရေးအတွက် စစ်ကောင်စီက လေကြောင်း၊ ကုန်းကြောင်းတို့ဖြင့် ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်လာပြီး ဟားခါးမြို့မှ လက်နက်ကြီးများလည်း ပစ်ကူပေးနေကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။
လက်ရှိထန်တလန်မြို့တွင် တိုက်ပွဲပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများပြားကြောင်းသိရသည်။
ဓာတ်ပုံ-ကျဆုံးသွားသော ဗိုလ်ကြီးမင်းထွန်း
#ထန်တလန်မြို့သိမ်းတိုက်ပွဲ #ချင်းအမျိုးသားတပ်မတော် #CNA #ဗိုလ်ကြီးမင်းထွန်း #တပ်ဖွဲ့ဝင်အချို့ကျဆုံး #Ayeyarwaddy_Times