ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်

မြောက်ကိုရီးယားတပ်ဖွဲ့တွေကို ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်မှာ ပါဝင်ဖို့စေလွှတ်ရင် ပစ်မှတ် တွေဖြစ်လာမယ်လို့ အိမ်ဖြူတော် အကြီးတန်းအရာရှိတစ်ဉီးက ပြောပါတယ်။

မြောက်ကိုရီးယားစစ်သည် ၃၀၀၀ ထက်မနည်းကို လက်ရှိ ရုရှားအရှေ့ပိုင်းမှာ လေ့ကျင့်ပေးနေ ပြီး ရုရှားအတွက် တိုက်ခိုက်ပေးဖို့ ယူကရိန်းသို့ စေလွှတ်ဖွယ်ရှိတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံ ရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတင်းထောက်တွေကို ပြောပါတယ်။

“မြောက်ကိုရီးယားစစ်သည်တွေကို ယူကရိန်းကိုတိုက်ခိုက်ဖို့ စေလွှတ်ရင် သူတို့ဟာ ပစ်မှတ်တွေ ဖြစ်လာပါလိမ့်မယ်” လို့ ၎င်းက ဆိုပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားနိုင်ငံမှာ ရှိနေတာနဲ့ပတ်သက်လို့ ဘယ်လို တုံ့ပြန်ရမလဲဆို တာကို အမေရိကန်နိုင်ငံက မဟာမိတ်တွေနဲ့ အနီးကပ် တိုင်ပင်ရမယ်လို့ သူက ဆက်ပြောပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားသို့ စေလွှတ်တာကို တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ခ်ယို နဲ့ ပိုလန်သမ္မတ အန်ဒရေဒူဒါတို့က ဆိုးလ်မြို့တော်မှာပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ရှုတ်ချခဲ့ ပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့တွေကို ရုရှားသို့ ပို့ဆောင်တဲ့လုပ်ရပ်ဟာ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက် တဲ့ ရန်စမှုတစ်ခုလို့ ခေါင်းဆောင်နှစ်ဉီးက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ညှိနှိုင်းဆောင်ရွက်ကာ တစ်ဆင့်ချင်း လို အပ်တဲ့ အစီအမံတွေ လုပ်ဆောင်မယ်လို့ ယွန်ဆတ်ခ်ယိုက ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံက ယူကရိန်းသို့ လူသေစေနိုင်တဲ့ စစ်လက်နက်တွေ မထောက်ပံ့ခဲ့ပေမယ့် ယူကရိန်းကို လက်နက်ထောက်ပံ့တဲ့ ပိုလန်နဲ့အခြားတိုင်းပြည်တွေထံ စစ်လက်နက်တွေ တင်ပို့ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ပြည်တွင်းဖြစ်တင့်ကားတွေ ထောက်ပံ့ပေးဖို့ ပိုလန်နဲ့ ဒီနှစ်အကုန်မှာ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးဖို့ ရည်ရွယ်တယ်လို့ ယွန်ဆတ်ခ်ယိုက ပြောပါတယ်။

ကိုးကား – NHK
Ref; White House: If N.Korean soldiers sent to fight Ukraine, they are ‘fair targets’

#Ayeyarwaddy_Times