(ဖလမ်း)၊ ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ပစ်ခတ်သည့်အတွက် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ငချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ပြန်ကြားရေးတာဝန်ခံထံက သိရှိရသည်။

ယနေ့ အောက်တိုဘာ ၂၅ရက်၊ မနက် ၉နာရီအချိန်မှစ၍ ဖလမ်းမြို့ရှိ အထက – ၁ ကျောင်းဘက်တွင် ခြေကုပ်နေရာယူရန်အတွက် စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်နှင့် CNDF တို့ တစ်နာရီကျော်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဖလမ်းမြို့ အထက ၁ ဘက်ကို စစ်ကောင်စီက ခြေကုပ်နေရာယူဖို့ ကြိုးစားတဲ့အခြေနေမျိုးမှာ ကျွန်တော်တို့ဘက်က တားဆီးပစ်ခတ်တာဖြစ်တယ်။ ဒီနေ့ ရာသီဥတုကလည်း အရမ်းဆိုးတော့ ပစ်ခတ်မှုနဲ့ပတ်သက်လို့ ထိခိုက်မှုအခြေနေက မသိရသေးဘူး။ ကျွန်တော်တို့ဘက်က ထိခိုက်မှုမရှိဘူး” ဟု CNDF ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ နှစ်ဖက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ပစ်ခတ်မှုကြောင့်အမျိုးသမီးတစ်ဦး ခါးတွင်ကျည်ထိမှန်ပြီး ဖလမ်းဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရှိရသည်။

ဖလမ်းမြို့တွင် စစ်ကောင်စီတပ်နှင့် အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်ကြောင်း CNDF ပြန်ကြားရေးတာဝန်ခံက အသိပေးထားသည်။

ယခုလ အောက်တိုဘာ ၉ ရက်နေ့ကလည်း ဖလမ်းမြို့အနီးဝန်းကျင်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးကျည် ပစ်ခတ်မှုကြောင့် Relsing ကျေးရွာမှ အရပ်သားတစ်ဦးသေဆုံးခဲ့သည်။

#ဖလမ်းမြို့ #တိုက်ပွဲဖြစ်ပွားပြီး #အမျိုးသမီးတစ်ဦး #ထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times