
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ရက်
ကချင်ပြည်နယ်၊ ဗန်းမော်နှင့် မိုးမောက်ကြား အောင်မြေကျေးရွာအနီးတွင် စစ်ကောင်စီနှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၀ရက်နေ့မှစကာ မိုးမောက်မြို့ ခလရ ၄၃၇ အနီးသို့ စစ်ကောင်စီတပ်က တင့်ကားလေးစီးပါ မြေပြင်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာရာ KIA နှင့် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရသည်။
“စစ်တပ်က တစ်ဖန်ပြန်ပြီး တင့်ကားတွေနဲ့ စစ်ကြောင်းထိုးလာတယ်လို့ကြားတယ်။ တိုက်ပွဲဖြစ်နေတာ ၃ ရက်လောက်ရှိနေပြီ။ အခုဖြစ်နေတဲ့ စစ်ရေးအခြေအနေက ၇ မိုင်ကုန်းဘက်ကို တင့်ကားတွေနဲ့ စစ်ကြောင်း ပြန်ထိုးနေတာ။ ဒရုန်း၊ လက်နက်ကြီးမျိုးစုံနဲ့ တိုက်ခိုက်နေတာ။ ဒါပေမယ့် ကျွန်တော်တို့ဘက်က တန်ပြန်တိုက်ခိုက်လိုက်တော့ ပြန်နောက်ဆုတ်သွားကြတယ်။ အပြန်အလှန် တိုက်ပွဲဖြစ်နေတဲ့သဘောပါ” ဟု KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒေသတွင်း သတင်းမီဒီယာများကို ဖြေကြားထားသည်။
စစ်ကောင်စီ၏ တင့်ကားပါ ခြေလျင်အင်အားအလုံးအရင်းသုံးထားသည့် စစ်ကြောင်းကို KIA က တိုက်ခိုက်ခဲ့ရာ အကျအဆုံးများစွာနှင့် တပ်ပြန်ဆုတ်သွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၉ရက်နေ့က မိုးမောက်မြို့ရှိ စစ်ကောင်စီ၏ ခမရ ၄၃၇ ကို KIAက သိမ်းပိုက် ရရှိခဲ့ပြီးနောက် စစ်ကောင်စီက ဩဂုတ် ၂၄ရက်တွင် ခမရ ၄၃၇အနီး စစ်ကြောင်းထိုးလာရာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီသည် မိုးမောက်မြို့ ၆မိုင်နှင့် ၇မိုင်ကြားကို ယခုတစ်ဖန် စစ်ကြောင်းထိုးဝင်ရောက် လာသည့်အတွက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး လေကြောင်းပစ်ခတ်မှုအပြင် ဒရုန်းများ လက်နက် ကြီးများဖြင့်ပါ စစ်ကောင်စီဘက်က အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“၇ မိုင်နားတော့မရောက်သေးဘူး။ ၆ မိုင်အထက်နားမှာဖြစ်နေတာ။ တင့်ကား လေးစီးပါတယ်။ ခြေလျင် အင်အား အလုံးအရင်းနဲ့ ချီတက်လာတာ။ အခုတော့ နောက်ပြန်ဆုတ်ထားတယ်။ အင်အားစုဖွဲ့ပြီး ပြန်တက်မယ့်သဘောရှိတယ်” ဟု မိုးမောက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါစစ်ကြောင်းသည် ဗန်းမော်အခြေစိုက် စကခ ၂၁မှ စုဖွဲ့အင်အားဖြင့် စစ်ကြောင်းဖြစ်ပြီး သေဆုံးထိခိုက်များသဖြင့် နောက်ပြန်ဆုတ်သွားရပြီး ပြန်လည် အင်အားစုနေကြောင်း ဒေသခံများထံက သိရသည်။
#မိုးမောက် #စစ်ကောင်စီ #ခမရ၄၃၇ #ပြန်လည်စစ်ကောင်းထိုး #တင့်ကား၄စီး #ခြေလျင်တပ်အလုံးအရင်း #Ayeyarwaddy_Times